မိုးနဲ ဧပြီ ၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုင်ဟိုင်းကျေးရွာအုပ်စု၊ ဆိုက်ဖြေ(ဟန်ပုံး) ကျေးရွာ ဘက်စုံသုံးခန်းမတွင် သဘာဝမြေသြဇာပြုလုပ်သုံးစွဲစေရေးနှင့် တောမီးမရှို့စေရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က တောမီးများ မီရှို့မှုမရှိစေရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး မြို့နယ် မြေစာရင်းဦးစီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) လျှောက်ထားနိုင်ရေးကို လည်းကောင်း၊ တောင်သူများ အနေဖြင့် ဓာတ်မြေဩဇာအစား သဘာဝမြေသြဇာများ ပြုလုပ်သုံးစွဲရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကိုလည်းကောင်း၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေးကိုလည်းကောင်း၊ မီးခိုးမြူငွေ့ဖြစ်ပေါ်မှုလျော့ချရေးနှင့် မီးခိုးမြူငွေ့ ကြောင့်ဖြစ်ပေါ်လာမည့် ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကိုလည်းကောင်း အသီးသီးဟောပြော ဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် ဒေသခံများက သိရှိလိုသည်များကိုမေးမြန်းရာ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)