ထားဝယ် ဧပြီ ၂
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် အမှတ် (၇၄ ) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးသန်းဇော်ဝင်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များက ထားဝယ်မြို့အတွင်း သွားလာနေသော “စုံ”ရက်၊ “မ”ရက် ယာဉ်များအား မတ် ၁၄ ရက်မှစ၍ ယနေ့အထိ လိုက်လံကြည့်ရှု စစ်ဆေးပြီး စည်ကမ်းမလိုက်နာသော ယာဉ်များအား အရေးယူဆောင်ရွက်လျက်ရှိသည်။
“ဝန်ထမ်း ကြို/ပို့ယာဉ်များ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး ယာဉ်များ၊ စက်ရုံအလုပ်ရုံလုပ်ငန်း သုံးယာဉ်များ၊ ကျောင်းကြို/ပို့ယာဉ်များ၊ ဝန်ထမ်းယာဉ်များ၊ စက်ရုံအလုပ်ရုံ၊ ကုန်ပစ္စည်း၊ ကျောင်းနှင့် ပတ်သက်သောယာဉ်များဖြစ်ပါက စီးနင်းလိုက်ပါသူများအနေဖြင့် သက်ဆိုင်ရာ အထောက်အထားများ ခိုင်မာစွာပြသဖို့လိုပါတယ်၊ “စုံ”ရက်၊ “မ”ရက် မော်တော် ယာဉ်သုံးစွဲခြင်းနှင့် ပတ်သက်လို့ မော်တော်ယာဉ်ပိုင်ဆိုင်တဲ့သူများ စက်သုံးဆီကို ခြိုးခြံချွေတာနိုင်ရေးကို အလေးထားပြီး ဆောင်ရွက်နေတာဖြစ်သောကြောင့် ယာဉ်အသုံးပြုသူများအနေဖြင့် နားလည်ပေးဖို့လိုပါတယ်” ဟု အမှတ် (၇၄ ) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူး သန်းဇော်ဝင်းက ပြောသည်။
ထို့နောက် အမှတ် (၇၄ )ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးဦးဆောင်သော ပူးပေါင်းအဖွဲ့များက ထားဝယ်မြို့အတွင်း သွားလာနေသော ယာဉ်များအား လိုက်လံကြည့်ရှုပြီး စုံ/မယာဉ် ခွဲခြားကာ စည်ကမ်းမလိုက်နာသော ယာဉ်များအား ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


