ပုသိမ် ဧပြီ ၂
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၇၂ ဦးစလုံး တက်ရောက်ကြသည်။
ဦးစွာ ကတိသစ္စာပြုရန် လိုအပ်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးကြသည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်ရုံးမှ ပေးပို့လာသည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဖတ်ကြား၍ လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိရန် သဘောတူသဖြင့် သဝဏ်လွှာကို မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ဥပဒေပြုရေးဆိုင်ရာကော်မတီနှင့် ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရာ ကော်မတီနှစ်ရပ်တွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်း၊ ကော်မတီတစ်ရပ်ချင်းစီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းလျာထားချက်များကို နည်းဥပဒေ၊ နည်းဥပဒေခွဲနှင့်အညီဖွဲ့စည်းရန် လျာထားအဆိုပြုချက်ကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့တင်ပြရာ လွှတ်တော်က အတည်ပြုရန် သဘောတူသဖြင့် လျာထားသတ်မှတ်ချက်ပါအတိုင်း ရေးရာကော်မတီနှစ်ရပ်ကို ဖွဲ့စည်းတာဝန် ပေးအပ်ကြောင်း ကြေညာသည်။
ထို့နောက် ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌနှင့် ပြည်သူ့ငွေစာရင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၊ စီးပွားရေးနှင့်ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးရာကော်မတီဥက္ကဋ္ဌတို့က မိမိနှင့်သက်ဆိုင်သည့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းများကို လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


