ချောက် ဧပြီ ၂

 

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် ထိခိုက်လွယ်သူများ (သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေး သူငယ်များ) အပူရှောင်နိုင်ရေး၊ အပူဒဏ်မှ ကာကွယ်နိုင်ရေးအတွက် အမှတ်(၁၁)ရပ်ကွက် မြို့လယ် သာသနာ့ဗိမာန်တွင် အပူရှောင်စခန်းအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်က ယ‌နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ အပူရှောင်လာသည့် သက်ကြီးဘိုးဘွားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များအား စလင်း ပရိယတ္တိစာသင်တိုက်၊ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တ ကေသဝက သီလပေးတရားများ ချီးမြှင့်ပေးပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ လက်ထောက်ညွှန်ကြား ရေးမှူး ဦးစောမြဖောင်းက အပူဒဏ် အန္တရာယ်အကြောင်း အသိပညာပေးခြင်းများနှင့် အပူဒဏ်အန္တရာယ် ကာကွယ်‌ရေး လိုက်နာရမည့်ဆောင်ရန်၊ ရှောင်ရန် အချက်များကို အသိပညာပေး ဟောပြောသည်။

 

ထို့နောက်  မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက အပူရှောင်လာသူများအား ရွိုင်ရယ်ဒီများ၊‌ ရေသန့်များနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

 

ထိုသို့ အပူရှောင်လာသူများအား မြို့နယ်ကျန်းမာရေးဌာနက ဘိုးဘွားများအား ဆီးချို၊ သွေးချို စစ်ပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ မြို့နယ်တိုင်းရင်းဆေးကု ဌာနမှ ကျန်းမာရေးစစ်ဆေး၍တိုင်းရင်းဆေးများ အခမဲ့ပေးအပ်ခြင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အပူရှောင်စခန်းအတွက် သောက်ရေသန့်၊ ယပ်တောင်များ အသင့် စီစဉ်ဆောင်ရွက်ထားရှိ ပေလျက်ရှိကြောင်း သိရသည်။

 

အပူရှောင်စခန်းကို မတ် ၁၆ ရက်က စတင်ခဲ့ရာ ဧပြီ ၁၄ ရက် အထိ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်မိုး(ပြန်/ဆက်)