နေပြည်တော် ဧပြီ ၂
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန အမှုထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်မှု (မွမ်းမံ) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ရုံးအမှတ် (၃၄)၌ ကျင်းပရာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက သင်တန်းတွင် ဌာန၏ လုပ်ငန်းတာဝန်များ၊ ဝန်ထမ်းများ သိရှိလိုက်နာရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ/နည်းဥပဒေများ၊ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့် ညွှန်ကြားချက်များ၊ အာမခံ လုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ဘာသာရပ်ဖြစ်သည့် ရုံးလုပ်ငန်းသဘောတရား နှင့် ပြီးပြည့်စုံသောရုံးလုပ်ငန်း၊ ငွေစာရင်း ထိန်းသိမ်းရေးနည်းလမ်းများ၊ ပုံသေပိုင်ပစ္စည်း ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဆုံးရှုံးမှုများအား အရေးယူဆောင်ရွက်ခြင်းစသည့် စီမံခန့်ခွဲမှု ဘာသာရပ်များ၊ အသေးစား ငွေရေးကြေးရေး အဖွဲ့အစည်းများမှ လိုက်နာဆောင်ရွက်ရမည့် စံလုပ်ငန်းလမ်းညွှန်များ၊ အာမခံလုပ်ငန်းများအား ကြီးကြပ်မှု၊ နိုင်ငံပိုင်ဘဏ်လုပ်ငန်း ကြီးကြပ်ကွပ်ကဲခြင်းနှင့် အောင်ဘာလေ ထီလုပ်ငန်းများ စစ်ဆေးခြင်း၊ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ဆောင်ရွက်နေမှုများ၊ AML/CFT ဆိုင်ရာ အမျိုးသားအဆင့်မဟာ ဗျူဟာနှင့် ကြီးကြပ်ရေးအာဏာပိုင်၏ အခန်းကဏ္ဍများ၊ AML/CFT ဆိုင်ရာ Off Site Supervision နှင့် On-Site Inspection စစ်ဆေး ခြင်းစသည့် လုပ်ငန်းဘာသာရပ်များကို စာတွေ့ လက်တွေ့ ပို့ချပေးခဲ့ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး နောင်တွင် လုပ်ငန်းကျွမ်းကျင်မှုသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ကြရန်နှင့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းပီသစွာ နိုင်ငံတော်အပေါ် သစ္စာရှိရှိဖြင့် ဌာနတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြရန် ပြောကြားသည်။
လက်မှတ်များပေးအပ်
ထို့နောက် ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် က သင်တန်းတွင် ဆုရရှိကြသူများအား ဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်း လက်မှတ်များပေးအပ်သည်။
အဆိုပါသင်တန်းကို မတ် ၃ ရက်မှ ၂၆ ရက်အထိ ၂၄ ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီး ဌာနမှ အမှုထမ်း ၃၈ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


