ကိုကျော်စွာ (ကျိုက်ပိ)

 

စိုက်ပျိုးသူများအနေဖြင့်လည်း မြေဆီသြဇာခန်းခြောက်ခြင်းကို ကြုံတွေ့လာရသည့် အပြင် ပိုးမွှားမျိုးစုံကျရောက်ဖျက်ဆီးခြင်းကိုလည်း ခံကြရသည့်အခါ ပိုးသတ်ဆေးများကို အသုံးပြုကြရသည်။ ပိုးတစ်မျိုးအတွက် ပိုးသတ်ဆေးတစ်မျိုးပေါ်လာပါက နောက်ထပ် အခြားပိုးတစ်မျိုးက ပေါ်လာပြန်သည်။ ထိုပိုးကိုနှိမ်နင်းရန် နောက်ထပ် ပိုးသတ်ဆေးတစ်မျိုးလည်း ပေါ်လာရပြန်သည်။ ဤနည်းဖြင့် ပိုးသတ်ဆေးမျိုးစုံပေါ်လာ၍ အဆိပ်သံသရာလည်နေတော့သည်။ ဓာတုမြေသြဇာနှင့် ဓာတုပိုးသတ်ဆေးများသည် သဘာဝပတ်ဝန်းကျင်နှင့် လူတို့အတွက် အန္တရာယ်ပင်ဖြစ်ပါသည်။ သို့ဆိုပါလျှင် စိုက်ပျိုးရေးအတွက် မည်သည့်မြေဩဇာနှင့် မည်သည့်ပိုးသတ်ဆေးကို အသုံးပြုရမည်နည်းဟု မေးစရာရှိလာပါသည်။ စာရေးသူအနေဖြင့်မူ အော်ဂဲနစ်မြေသြဇာနှင့် အော်ဂဲနစ်ပိုးသတ်ဆေးကိုသာ အသုံးပြုကြပါဟု ပြောလိုပါသည်။

 

အော်ဂဲနစ်မြေသြဇာများ 

 

အော်ဂဲနစ်မြေသြဇာ (Organic Fertilizer) ဆိုသည်မှာ အပင်များမှလည်းကောင်း၊ တိရစ္ဆာန်အညစ်အကြေးများမှ လည်းကောင်း၊ အကျိုးပြုအဏုဇီဝပိုးများမှ လည်းကောင်း ပြုလုပ်ခြင်းဖြစ်သည်။ အော်ဂဲနစ်မြေသြဇာများမှာ အပင်ဆွေးမြေသြဇာ၊ တိရစ္ဆာန်အညစ်အကြေးမြေသြဇာ၊ အဏုဇီဝမြေသြဇာနှင့် တီကောင်စွန့်ပစ်မြေသြဇာ ဟူ၍ဖြစ်သည်။ 
အပင်ဆွေးမြေသြဇာ 

 

အပင်ဆွေးမြေသြဇာ (Compost) ကို အပင်၏အကိုင်း၊ အရွက်နှင့် သစ်သီးခြံဆွေးများ၊ သစ်ပင်ပန်းမန်နှင့် အခြားသောအပင်တို့၏ အစိတ်အပိုင်းများဖြင့် ပြုလုပ်သည်။ သစ်ပင်တစ်ပင်ရှိ သစ်ရွက်ကြွေများသည် ထိုသစ်ပင်အတွက် မြေသြဇာဖြစ်သလို အခြားသောအပင်များ အတွက်လည်း မြေဩဇာကို ပေးစွမ်းနိုင်ပါသည်။ အပင်ဆွေးမြေသြဇာ ပြုလုပ်ရန်အတွက် ကျင်း သို့မဟုတ် အုတ်ကန်တစ်ခုထဲသို့ သစ်ရွက်များ၊ သစ်ကိုင်းများ၊ သစ်ဆွေးတုံးများ၊ သီးနှံအခွံများနှင့် အခြားသောအပင်တို့၏ အစိတ်အပိုင်းများကို ထည့်ထားရသည်။ ထို့နောက် ရေနှင့် အောက်ဆီဂျင်သည် ထိုအစိတ်အပိုင်းများကို အချိန်ကြာမြင့်စွာ ထိတွေ့၍ တဖြည်းဖြည်း ဆွေးမြည့်ပျက်စီးလာကာ အော်ဂဲနစ်မြေသြဇာအဖြစ်သို့ ရောက်ရှိလာခြင်းဖြစ်ပါသည်။ လူတို့၏ကျန်းမာရေးနှင့် စိုက်ပျိုးမြေ၌ မြေဆီသြဇာကြွယ်ဝစေရန်အတွက် အပင်ဆွေးအော်ဂဲနစ် မြေသြဇာသည် အလွန်ကောင်းမွန်သော မြေသြဇာတစ်မျိုး ဖြစ်ပါသည်။ 
 

 

တိရစ္ဆာန်အညစ်အကြေးမြေသြဇာ

 

တိရစ္ဆာန်အညစ်အကြေးမြေသြဇာ (Manures) ကို ကျွဲချေး၊ နွားချေး၊ ကြက်ချေး၊ ဘဲချေး စသည်တို့ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ တိရစ္ဆာန်တို့မှရသော အညစ်အကြေးများကို အော်ဂဲနစ်မြေသြဇာအဖြစ် အသုံးပြုခြင်းသည် ငွေကုန်ကြေးကျသက်သာသလို အခြားသော ဘေးထွက်ဆိုးကျိုးများလည်း ကင်းစေသည်။ စာရေးသူတို့ဒေသတွင် နွားချေးကို အများဆုံးအသုံးပြုလေ့ရှိကြသည်။ နွေစပါးသိမ်းပြီးချိန်တွင် နွားချေးဆွေးများကို လယ်ကွင်းထဲ၌ အတန်ငယ်ခြား၍ ပုံထားလေ့ရှိကြသည်ကို တွေ့ရသည်။ နောက် မိုးရာသီအခါ လယ်ထွန်ပါက ထိုနွားချေးဆွေးများနှင့် မြေသမသွားကာ မြေသြဇာအဖြစ် အသုံးပြုကြပါသည်။ 

 

နွားချေးတွင် သီးနှံပင်များအတွက် လိုအပ်သော နိုက်ထရိုဂျင် သုံးရာခိုင်နှုန်း၊ ဖော့စ်ဖရပ် နှစ်ရာခိုင်နှုန်းနှင့် ပိုတက်စီယမ် တစ်ရာခိုင်နှုန်း ပါဝင်ကြောင်းသိရသည်။ နွားချေးမြေသြဇာသည် မြေအစိုဓာတ်ကို ထိန်းပေးသလို မြေဆီလွှာကိုလည်း ကောင်းမွန်စေပါသည်။ ထို့ပြင် အကျိုးပြုအဏုဇီဝပိုးများ ရှင်သန်စေရန်အတွက်လည်း အထောက်အကူပြုသည့် အော်ဂဲနစ်မြေသြဇာတစ်မျိုးပင်ဖြစ်ပါသည်။ ထိုနွားချေးမြေသြဇာအပြင် ကြက်ချေးနှင့် ဘဲချေးကိုလည်း အော်ဂဲနစ်သဘာဝ မြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။ ကြက်ချေးဆွေးနှင့် ဘဲချေးဆွေးများကိုလည်း နွားချေးဆွေးကဲ့သို့ပင် သီးပင်စားပင်များအတွက် မြေသြဇာအဖြစ် အသုံးပြုနိုင်ပါသည်။
 

 

တီကောင်မြေသြဇာ 

 

တီကောင်များသည် ကမ္ဘာ့မြေဆီလွှာအပေါ်ယံတွင် နေကြသည်။ လတ်ဆတ်သော ဇီဝပစ္စည်း ၉၀ ရာခိုင်နှုန်းနှင့် မြေကြီး ၁၀ ရာခိုင်နှုန်းကို စားသုံးကာ တီကျစ်စာခဲများအဖြစ် ပြန်လည်ထုတ်ပေးသည်။ ထိုကျစ်စာခဲများတွင် ကယ်လ်စီယမ်ဓာတ်များ ပါဝင်ပါသည်။ တီကောင်မြေသြဇာ (Vermicompost) ကို တီကောင်မွေးကန်များ ပြုလုပ်၍ ထုတ်လုပ်ကြပါသည်။ အိန္ဒိယနိုင်ငံတွင် တီကောင်မြေသြဇာကို ၁၉၉၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ တန်ချိန်ပေါင်း ၃ ဒသမ ၅ သန်းခန့် ထုတ်လုပ်ခဲ့သည်ဟု သိရပါသည်။ တီကောင်မြေသြဇာသည် အသီးအပွင့်များကို အောင်မြင်စေသည့်အပြင် အပင်ကိုလည်း ကြီးထွားရှင်သန်စေသည်။ မြေဆီသြဇာကို ကောင်းမွန်စေသလို မြေတွင်းအောက်ဆီဂျင်ကို ပိုရစေသည်။ အစိုဓာတ်ကိုလည်း ကောင်းစွာ ထိန်းပေးနိုင်သည့် အော်ဂဲနစ်မြေသြဇာဖြစ်ပါသည်။
 

 

အော်ဂဲနစ်ပိုးသတ်ဆေးများ 

 

စိုက်ပျိုးရေးအတွက် မြေဆီမြေသြဇာသည် အလွန်အရေးပါလှပါသည်။ မြေဆီမြေသြဇာ၏ အထောက်အပံ့ကြောင့် သီးနှံများ ဖြစ်ထွန်းအောင်မြင်သော်လည်း ပိုးဖျက်၍ ပျက်စီးခဲ့ရသည်များလည်း ရှိပါသည်။ ထိုဖျက်ပိုးများကို ကာကွယ်ဖို့ရာ ဓာတုပိုးသတ်ဆေးများကို တွင်ကျယ်စွာ အသုံးပြုလာသည်ကို တွေ့ရပါသည်။ ထိုဆေးများသည် ကျန်းမာရေးရှုထောင့်ကနေကြည့်ပါက မကောင်းဟု စာရေးသူယူဆပါသည်။ ထို့ကြောင့် ဓာတုပိုးသတ်ဆေးများအစား အော်ဂဲနစ်ပိုးသတ်ဆေး များ (Organic insecticides) ကို အသုံးပြုသင့်ပါသည်။ အော်ဂဲနစ် ပိုးသတ်ဆေးများမှာ ငရုတ်ပိုးသတ်ဆေး (Chilli insecticide)၊ တမာပိုးသတ်ဆေး (Neem insecticide)၊ ကြက်သွန်ဖြူပိုးသတ်ဆေး (Garlic insecticide) နှင့် ဂန္ဓမာပိုးသတ်ဆေး (Pyrethram insecticide) တို့ဖြစ်ပါသည်။
 

 

ငရုတ်ပိုးသတ်ဆေး 

 

ငရုတ်ပိုးသတ်ဆေးပြုလုပ်ရာတွင် ငရုတ်သီးအစို သို့မဟုတ် ငရုတ်သီးအခြောက်ကို ရေသင့်သလောက်ဖြင့် မိနစ် ၂၀ ခန့် ဆူအောင် ပြုလုပ်ပြီး အအေးခံကာ ထိုငရုတ်သီးအရည်ကိုစစ်ယူ၍ အသုံးပြုခြင်း ဖြစ်ပါသည်။ ငရုတ်ပိုးသတ်ဆေးရည်သည် ခြ၊ ပုရွက်ဆိတ်၊ ပေါက်ဖတ်နှင့် ပိုးတုံးလုံးအပါအဝင် အခြားအင်းဆက်ပိုးအချို့ကို နှိမ်နင်းပေးပါသည်။ ငရုတ်ပိုးသတ်ဆေးရည်သည် အော်ဂဲနစ်ပိုးသတ်ဆေးစစ်စစ် ဖြစ်ပါသည်။ ခြွင်းချက်အနေဖြင့် သီးနှံများခူးခါနီးတွင် အသုံးမပြုသင့်တော့ပေ။
 

 

တမာပိုးသတ်ဆေး 

 

တမာပင်သည် နေရာဒေသမရွေးပေါက်ရောက်သောအပင် ဖြစ်ပါသည်။ အထူးသဖြင့် အညာဒေသတွင် အများအပြားတွေ့ရသည်။ ခါးသောအရသာရှိ၏။ တမာပင်မှာ ပိုးသတ်ဆေးအာနိသင်ရှိကြောင်းကို ဂျာမန်စိုက်ပျိုးရေးပညာရှင် “ဆူဒန်” က ၁၉၅၆ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်ဟု ဆိုပါသည်။ တမာပင်၏ အစိတ်အပိုင်းအားလုံးပင် ပိုးမွှားများကို သေစေနိုင်ပါသည်။ တမာပင်သည် လူတို့အတွက် အန္တရာယ်မရှိသော်လည်း သီးနှံဖျက်ပိုးများကို သေစေနိုင်သော အေဇာဒီရာ့တင် (Azadirachtin) ဓာတ်ပစ္စည်းပါဝင်သည့် အော်ဂဲနစ်ပိုးသတ်ဆေးတစ်မျိုးဖြစ်ပါသည်။
 

 

ကြက်သွန်ဖြူပိုးသတ်ဆေး 

 

ကြက်သွန်ဖြူ အော်ဂဲနစ်ပိုးသတ်ဆေးပြုလုပ်ပုံသည် ရိုးရှင်းလွယ်ကူသည်ဟု ဆိုရပေမည်။ ပထမဦးစွာ ကြက်သွန်ဖြူ ၁၀ ဥခန့်ကို ဓားဖြင့်စဉ်းကာ ရေတစ်လီတာရှိသော ပုလင်းထဲသို့ထည့်၍ ခြောက်နာရီကြာစိမ်ထားပြီး အရည်ကိုစစ်ယူ၍ အသုံးပြုရပါသည်။ အသုံးပြုခါနီးတွင် ရေလေးဆ ထပ်၍ရောရပါမည်။ ခြွင်းချက်အနေဖြင့် အသီးအနှံများ ခူးဆွတ်ခါနီးအချိန်တွင် အသုံးမပြုသင့်ပါ။ သဘာဝအော်ဂဲနစ် ကြက်သွန်ဖြူပိုးသတ်ဆေးရည်သည် မှိုစွဲနာပိုးများကို ပိုမိုထိရောက်စွာ နှိမ်နင်းပေးနိုင်ပါသည်။ ထို့အပြင် ပေါက်ဖတ်၊ ပိုးတုံးလုံးနှင့် အခြားသောသီးနှံဖျက်ပိုးများကို နှိမ်နင်းပေးနိုင်ပါသည်။

 

အော်ဂဲနစ်မြေသြဇာနှင့် အော်ဂဲနစ်ပိုးသတ်ဆေး အသုံးပြုခြင်းကောင်းကျိုးများ 

 

ယနေ့ခေတ်အသုံးပြုနေကြသော ဓာတုဗေဒဓာတ်မြေသြဇာများက မြေဆီမြေသြဇာကို ခန်းခြောက်ပျက်စီးစေနိုင်သည်ကို စိုက်ပျိုးသူတိုင်း သတိပြုမိမည်ဟုထင်ပါသည်။ ထိုဆေးများသည် မြစ်ချောင်းနှင့် လေထုအတွင်းရောက်ရှိပါက လေထုနှင့် ရေထု ညစ်ညမ်းစေပါသည်။ သောက်သုံးသူ၊ ရှူရှိုက်မိသူများအတွက် ကျန်းမာရေးကို ထိခိုက် စေနိုင်ပါသည်။ ဓာတုပိုးသတ်ဆေးများသည်လည်း ထိုနည်းအတူပင်ဖြစ်ပါသည်။ စားသုံးသူအတွက် ရေရှည်တွင် ကျန်းမာရေးကိုထိခိုက်စေနိုင်ပါသည်။ 

 

အထူးသဖြင့် ထိုဓာတုဆေးများကြောင့် ယနေ့ခေတ် သေမိန့်ရောဂါဟုဆိုရလောက်သော ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါသည်။ အော်ဂဲနစ်မြေသြဇာနှင့် အော်ဂဲနစ်ပိုးသတ်ဆေးကို အသုံးပြုပါက သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုမဖြစ်စေနိုင်ပေ။ အကျိုးပြု အင်းဆက်များကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ စိုက်ပျိုးတောင်သူများအနေဖြင့် ပထမငွေကုန်ကြေးကျ သက်သာစေသည်။ မြေဆီ မြေသြဇာပျက်စီးမှုမရှိသဖြင့် အထွက်နှုန်းကို ကောင်းမွန်စေပါသည်။ စားသုံးသူများအနေဖြင့် ဓာတုဆေးကင်းသည့်အတွက် သန့်ရှင်းလတ်ဆတ်သော အသီးအနှံများကို စားသုံးရသဖြင့် ရောဂါဖြစ်ပွားမှု အန္တရာယ်မှ ကင်းဝေးစေပါသည်။ အသီးအနှံတို့၏ အာဟာရသည် ဓာတုဆေးဖြင့် စိုက်ပျိုးသောအသီးအနှံများထက် အရသာ ပို၍ကောင်းမွန်သည်။ ထိုကဲ့သို့သော ကောင်းကျိုးများကိုရရှိမည့်အပြင် အခြားသော ကောင်းကျိုးများစွာကိုလည်း ရရှိစေမည်ဖြစ်ပါသည်။ 

 

နိဂုံးချုပ်အနေဖြင့်ဆိုရလျှင် ယနေ့ခေတ်အသုံးပြုနေကြသော ဓာတုဓာတ်မြေသြဇာနှင့် ဓာတုပိုးသတ်ဆေးများ၏ ဘေးထွက်ဆိုးကျိုးကို သိလောက်မည်ဟု ထင်ပါသည်။ ထို့ကြောင့် မြေကြီးကရွှေသီးဖို့အတွက် မြေဆီမြေသြဇာကောင်းရန်လိုသည်။ လူသားတို့ကျန်းမာရေးအတွက် အဆိပ်ကင်းသောအသီးအနှံများကို စားသုံးကြရန် လိုပါသည်။ သို့ဖြစ်၍ ရေရှည်ကိုမျှော်ကိုးကာ အော်ဂဲနစ်မြေသြဇာနှင့် အော်ဂဲနစ် ပိုးသတ်ဆေးများကို အသုံးပြုကြပါဟု တိုက်တွန်းချင်ပါသည်။ ။