နေပြည်တော် ဧပြီ ၃
ဒုတိယမြို့နယ် တရားသူကြီးများ လုပ်ငန်းဝင်သင်တန်းအမှတ်စဉ်(၃၄) သင်တန်းဆင်းပွဲနှင့် ကျမ်းသစ္စာပြုပွဲ အခမ်းအနား ကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College ၌ ကျင်းပရာ ပြည်ထောင်စု တရားသူကြီးချုပ် ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ထို့နောက် ဒုတိယမြို့နယ် တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ်(၃၄)၊ ကင်းဝန်အသင်း၊ ယောအသင်း၊ ဦးမေအောင်အသင်း၊ ဒေါက်တာဘဦးအသင်းတို့တွင် အသင်းလိုက်ဆုများရရှိသည့် သင်တန်းသား သင်တန်းသူများအား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများကလည်းကောင်း၊ လုပ်ငန်းဝင်သင်တန်းစံပြ ဆုရရှိသူ ဒေါ်မျိုးမို့မို့ဇင် ကို ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးကလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး ဒုတိယမြို့နယ် တရားသူကြီးများ သင်တန်းဆင်းမှတ်တမ်းလွှာများကို သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးကို ပြည်ထောင်စုတရားသူကြီးချုပ်က အပ်နှင်းပေးသည်။
ယင်းနောက် ပြည်ထောင်စုတရားစီရင်ရေးဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ(ဂ) ပုဒ်မခွဲငယ်(၁)အရ ပြည်ထောင်စုတရား လွှတ်တော်ချုပ်သည် တရားသူကြီးအဖြစ် ရွေးချယ်ခန့်ထားခြင်းခံရသူများကို တရားသူကြီးအဖြစ် စတင်တာဝန်ပေးသည့် အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရန် စီစဉ်ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းချက်နှင့်အညီ ဒုတိယမြို့နယ် တရားသူကြီးများအဖြစ် စတင်တာဝန်ထမ်းဆောင်ကြမည့် ဒုတိယမြို့နယ်တရားသူကြီးများ လုပ်ငန်းဝင်သင်တန်း အမှတ်စဉ် (၃၄) သင်တန်းသား သင်တန်းသူများက “ကျွန်တော်/ကျွန်မတို့သည် တရားသူကြီး/တရား ရေးဝန်ထမ်းများ အဖြစ် တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတော်တည်ဆဲဥပဒေများကို လိုက်နာ ဆောင်ရွက်ပါမည်။ ထို့ပြင် တရားစီရင်ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် တရားသူကြီးများ လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများကို လိုက်နာ စောင့်ထိန်းပြီး မှုခင်းကိစ္စများကို အဂတိတရား လေးပါးကင်းစင်စွာဖြင့် ဥပဒေနှင့်အညီ တရားမျှတမှန်ကန်စွာစစ်ဆေးစီရင် ဆုံးဖြတ်ပါမည်ဟု လေးနက်တည်ကြည်စွာ ကျမ်းသစ္စာပြုလျက် ကြေညာပါသည်၊” ဟု ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ရှေ့မှောက်တွင် လေးနက်တည်ကြည်စွာ ကျမ်းသစ္စာပြုကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေး မှူးများနှင့် သင်တန်းဆင်း ဒုတိယမြို့နယ်တရားသူကြီးများ တက်ရောက်ကြသည်။ သင်တန်းကာလမှာ ဇန်နဝါရီ ၅ ရက်မှ ဧပြီ ၃ ရက်အထိ သုံးလကြာမြင့်ခဲ့ကြောင်းနှင့် သင်တန်းသား သင်တန်းသူ ၅၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


