နေပြည်တော် ဧပြီ ၃
တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တပ်မတော်သားမိသားစုဝင်သားသမီးများ နွေရာသီကျောင်းပိတ်ရက်များတွင် အားလပ်ချိန် ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘာသာ၊ သာသနာကို တန်ဖိုးထားတတ်စေရန်နှင့် ယဉ်ကျေးလိမ္မာသည့် သားကောင်း/ သမီးကောင်းများ အဖြစ်သာမက မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအတွက် အကျိုးပြုနိုင်ပြီး ဘာသာသာသနာကို အရှည်တည်တံ့တိုးတက်ခိုင်မြဲအောင် ဆောင်ရွက်နိုင်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းရတနာများဖြစ်ရန်၊ အကျင့် စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သူများ ဖြစ်လာစေရန်၊ လက်တွေ့အသုံးချ ဘာသာရပ်များ နှင့်အတူ ဗဟုသုတရစေပြီး အတတ်ပညာများတိုးပွားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြော သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်း သင်တန်းဆင်းပွဲများကို ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင် ခန်းမ၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ သံလွင်ခန်းမ၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်ရှိ ဧရာဝတီခန်းမ၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်တွေတပ်နယ်ခန်းမ၌လည်းကောင်း ပြုလုပ်ကြရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးများက သင်တန်းဆင်း အမှာစကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သင်တန်းနည်းပြ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ၊ သင်တန်းဆင်း အောင်လက်မှတ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။ ယင်းနောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှု အားပေးကြပြီး တိုင်းမှူးများက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းများတွင် သင်ခန်းစာများ ပို့ချသင်ကြား ပေးတော်မူကြသည့် သံဃာတော်များအား နေ့ဆွမ်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား နေ့လယ်စာဖြင့် ကျွေးမွေးခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်


