နယူးဒေလီ ဧပြီ ၃
အိန္ဒိယနိုင်ငံသည် အိမ်နီးချင်း တောင်အာရှနိုင်ငံများ၏ တောင်းဆိုမှုကြောင့် စက်သုံးဆီများကို ဆက်လက် ပေးပို့သွားမည်ဟု ပြောကြားခဲ့သည်။ အီရန်ပဋိပက္ခကြောင့် ဒေသတွင်းစက်သုံးဆီ ဈေးနှုန်းများ မြင့်တက် လာချိန်တွင် အိန္ဒိယနိုင်ငံက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
စီးပွားရေးဆိုင်ရာ သဘောတူညီချက်အရ အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ နီပေါလ်၊ ဘူတန်နှင့် သီရိလင်္ကာနိုင်ငံများကို စွမ်းအင်များ ထောက်ပံ့လျက်ရှိကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၂ ရက်က ပြောကြားခဲ့သည်။
အဆိုပါ ထောက်ပံ့မှုများတွင် သီရိလင်္ကာနိုင်ငံအတွက် ရေနံထုတ်ကုန် မက်ထရစ်တန် ၃၈၀၀၀ ပါဝင် သည်။ စက်သုံးဆီများပေးပို့ရန် မော်လဒိုက်နိုင်ငံကလည်း တောင်းဆိုထားပြီး မော်လဒိုက်၏ တောင်းဆိုမှု ကို မိမိတို့၏ ကိုယ်ပိုင်ရေနံလက်ကျန်နှင့် နိုင်ငံအတွက် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားပြီး စစ်ဆေးနေသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဓီးယာဂျိုင်စ်ဝေါယ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
သီရိလင်္ကာနှင့် မော်လဒိုက် နိုင်ငံများသည် စွမ်းအင်ကို ပြည်ပမှ အမြောက်အမြား တင်သွင်းရသောကြောင့် စက်သုံးဆီ ဈေးနှုန်းမြင့်တက်ခြင်းနှင့် ရင်ဆိုင်နေရသည်။
စွမ်းအင်ချွေတာရန် အလုပ်နှင့် ကျောင်းတစ်ပတ်လျှင် ၄ ရက် တက်စနစ်ဖြင့် စက်သုံးဆီများကို ကန့်သတ် ထုတ်ပေးလျက်ရှိသည်။ ထို့ကြောင့် လူများ၏နေ့စဉ်ဘဝအပေါ် ရေရှည်အကျိုးသက်ရောက်မှု ရှိလာ နိုင်မည်လား ဆိုသည့်အပေါ် စိုးရိမ်မှုများတိုးပွားလျက်ရှိသည်။
တစ်ဖက်တွင် အိန္ဒိယနိုင်ငံ သည် ရေနံဓာတ်ငွေ့ရည် (LPG) ပြတ်တောက်မည့်အရေးကို စိုးရိမ်လျက်ရှိ သည်။ အိန္ဒိယနိုင်ငံသည် LPG ၏ ၆၀ ရာခိုင်နှုန်းခန့်ကို တင်သွင်းနေရပြီး ၉၀ ရာခိုင်နှုန်းသည် ဟော်မုဇ် ရေလမ်းကြောင်းမှ ဖြတ်သန်းသယ်ယူလျက်ရှိသည်။
သို့သော်လည်း နယူးဒေလီက ရေနံစိမ်း လုံလောက်စွာရှိနေကြောင်း ပြောကြားခဲ့သည်။
အမျိုးမျိုးသော စွမ်းအင်ရင်းမြစ်များကို အသုံးပြုခြင်းအားဖြင့် ပြည်သူများကို ဈေးသက်သာသည့် စွမ်းအင်များ ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
အင်န်အိတ်ချ်ကေ


