သန်းဇော် (ဗဟိုစာရင်းအင်းအဖွဲ့)
လုပ်ခသည် လုပ်သားရရှိနိုင်မှုပမာဏ (Supply of Labor) အနည်းအများနှင့် လုပ်သားငှားရမ်းမှု (Demand for Labor) အပေါ် မူတည်သည်။
David Ricardo (1772-1823) ၏ အနည်းဆုံး လုပ်ခသီအိုရီ (Subsistence Theory of Wages) အရ “ဈေးကွက်တွင် ဖြစ်ပေါ်နေသော လုပ်အားခသည် အနည်းဆုံးအနေဖြင့် ဝမ်းစာဖူလုံရေးကို ဖြည့်ဆည်းပေးနိုင်ရမည်”။ သို့သော် လုပ်သားပိုလျှံနေလျှင် လုပ်ခကျဆင်းမည်ဖြစ်ပြီး လုပ်သားလိုအပ်နေလျှင် လုပ်ခမြင့်မားနေမည်ဖြစ်သည်။
Adam Smith (1723-1790) ၏ လုပ်ခ-အရင်း သီအိုရီ (Wage Fund Theory) အရလည်း လုပ်ခသည် ပေးနိုင်သည့် အရင်းပမာဏနှင့် လုပ်သားဦးရေအပေါ်တွင် မူတည်ကြောင်း ဖော်ပြထားသည်။ ပေးနိုင်သည့် အရင်းပမာဏများလာခြင်း (သို့မဟုတ်) လုပ်သားပမာဏနည်းသွားပါက လုပ်ခမြင့်မားနေမည် ဖြစ်ပါသည်။
PH Wicksteed (England)နှင့် J B Clark (USA) တို့၏ အစွန်းထွက်ထုတ်လုပ်မှုသီအိုရီ (Marginal Productivity Theory) ကလည်း လုပ်ခသည် စီးပွားရေးဖြစ်ထွန်းမှုအပေါ် မူတည်သည်ဟု ဖော်ပြခဲ့သည်။
လုပ်ခ-ဈေးနှုန်း ကြောင်လိမ်လှေကားကို သိရှိရန်လိုအပ်
လုပ်သားတိုင်းသည် လုပ်ခတိုးခြင်းကိုသာ လိုလားကြပြီး ဝယ်နိုင်စွမ်းအားကျဆင်းမှုကို လိုလားကြမည်မဟုတ်ပါ။ သို့သော် လုပ်ခတိုးမြင့်ခြင်းကြောင့် လုပ်ငန်းရှင်များက ထုတ်လုပ်သည့်ကုန်စည်များ၏ ဈေးနှုန်းမြှင့်လိုက်ခြင်းကြောင့် မိမိတို့၏ ဝယ်နိုင်စွမ်းအား ကျဆင်းသွားခြင်းကို မေ့လျော့နေတတ်ကြသည်။ ထို့ကြောင့် လုပ်ခတိုးရေးကို တောင်းဆိုမည်ဆိုပါက လုပ်ခမြင့်တက်မှုကြောင့် စရိတ်ကြီးမားခြင်း၊ စရိတ်ကြီးမားလာခြင်းကြောင့် ကုန်စည်နှင့် ဝန်ဆောင်မှုဈေးနှုန်းများ မြင့်တက်လာခြင်းကို ဖြစ်ပေါ်စေသည့် လုပ်ခ-ဈေးနှုန်း ကြောင်လိမ်လှေကားကို သိရှိရန် လိုအပ်ပါသည်။
လုပ်ခ-ဈေးနှုန်း ကြောင်လိမ်လှေကား (Wage-Price Spiral) ဆိုသည်မှာ ဈေးနှုန်းမြင့်တက်ခြင်းကြောင့် လုပ်သားများ လုပ်ခတိုးတောင်းရာမှ ဝင်ငွေမြင့်မားလာပြီး ကုန်စည်နှင့် ဝန်ဆောင်မှုဝယ်လိုအား တိုးခြင်းနှင့် တစ်ဖက်တွင် လုပ်ငန်းများ က လုပ်ခတိုးပေးရခြင်းကြောင့် ထုတ်လုပ်မှုစရိတ်မြင့်မားလာခြင်းတို့ကြောင့် ဈေးနှုန်းများ ထပ်မံမြင့်တက်လာခြင်း၊ ဈေးနှုန်းထပ်မံမြင့်တက်ခြင်းကြောင့် လုပ်ခထပ်မံတိုးတောင်းရခြင်း၊ လုပ်ခတိုးပေးရခြင်းကြောင့် ထုတ်လုပ်မှုစရိတ် မြင့်တက်ပြီး ကုန်စည်ဈေးနှုန်းများ ထပ်မံမြင့်တက်ခြင်း မုန့်လုံးစက္ကူကပ် ဖြစ်ပေါ်နေခြင်းမျိုးဖြစ်ပါသည်။ ဤသို့ဖြင့် လုပ်ခ တိုးမြှင့်ခြင်းမှ ဈေးနှုန်းမြင့်တက်ခြင်း (သို့မဟုတ်) ငွေကြေးဖောင်းပွခြင်းကို ရင်ဆိုင်ကြုံတွေ့လာရသည်။
ငွေဖောင်းပွမှုကို ထိန်းချုပ်နိုင်ရမည်
နိုင်ငံတော်၏ စီမံကိန်းများကို လျာထားချက်များနှင့်အညီ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် ဈေးနှုန်း သည် အလွန်အရေးကြီးပေသည်။ နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုနှင့် ငွေဖောင်းပွမှု လိုက်လျောညီထွေရှိစေရန် ငွေဖောင်းပွ မှုကို ထိန်းချုပ်နိုင်ရမည်ဖြစ်ပါသည်။
ငွေကြေးဖောင်းပွခြင်း (ဈေးနှုန်းမြင့်မားခြင်း)ကို ဖြစ်ပေါ်စေသော အကြောင်းရင်းနှစ်ခုမှာ ဝယ်လိုအား၏ဆွဲအားနှင့် စရိတ်၏တွန်းအားတို့ဖြစ်သည်။ ဝယ်လိုအား၏ဆွဲအားကြောင့် ငွေကြေးဖောင်းပွခြင်းဆိုသည်မှာ ငွေကြေးပမာဏများပြား လာခြင်း (စားသုံးမှုတိုးခြင်း၊ အစိုးရအသုံးစရိတ်တိုးခြင်း၊ ရင်းနှီးမြှုပ်နှံမှုတိုးခြင်း)ကြောင့် ဖြစ်ပေါ် လာသည့် ငွေကြေး ဖောင်းပွခြင်း ဖြစ်သည်။ စရိတ်တွန်းအားကြောင့် ငွေကြေးဖောင်းပွခြင်းဆိုသည်မှာ ကုန်ထုတ်သွင်းအားစုစရိတ် (ကုန်ကြမ်း၊ လုပ်သား၊ လောင်စာ) စသည့် ကုန်ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာခြင်းကြောင့် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာပြီး ဖြစ်ပေါ်လာသည့် ငွေကြေးဖောင်းပွခြင်းဖြစ်သည်။
လုပ်ခ-ဈေးနှုန်း ကြောင်လိမ်လှေကားသည် စရိတ်တွန်းအားကြောင့် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေသည့် အကြောင်း အရာတစ်ခုဖြစ်ပြီး ဖယ်ရှားရန် ခက်ခဲသည့်ဖောင်းပွမှုကို ဖြစ်ပေါ်စေသည့် လောင်စာတောင့်တစ်ခုဖြစ်သည်။ ငွေဖောင်းပွ ခြင်း၏ ဆိုးကျိုးသင်ခန်းစာကို ၁၉၂၃ ခုနှစ်က ဂျာမနီနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် အလွန်အမင်း ငွေကြေးဖောင်းပွခြင်း (hyperinflation)က ပေးခဲ့ပြီး ဖြစ်ပါသည်။
မက်ခရိုစီးပွားရေး၏ မျှော်မှန်းချက်
ငွေကြေးဖောင်းပွမှုကြောင့် မက်ခရိုစီးပွားရေး (တစ်နိုင်ငံလုံး၏ စီးပွားရေးအခြေအနေ) ၏ မျှော်မှန်းချက်များဖြစ်သော ကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင်ရရှိမှု၊ နိုင်ငံတကာစီးပွားရေးဆက်ဆံမှုတို့အပေါ် ကြီးမားသောရိုက်ခတ်မှုကို ဖြစ်ပေါ်စေပြီး တည်ငြိမ်သော စီးပွားရေးတိုးတက်မှုကို ထိခိုက်စေနိုင်သည်။ သွင်းအားစုစရိတ် ကြီးမားလာခြင်းကြောင့် ထုတ်လုပ်မှု ကျဆင်းခြင်းနှင့်အတူ အလုပ်သမားလျှော့ချမှုများ ဖြစ်ပေါ်နိုင်သကဲ့သို့ ငွေတန်ဖိုးကျဆင်းခြင်းမှ သွင်းကုန်ဈေးနှုန်းများ မြင့်တက်လာ၍ ထုတ်လုပ်မှုစရိတ်ကို ထပ်မံမြင့်တက်စေပြီး ဈေးနှုန်းများလည်း ထပ်မံမြင့်တက်လာမည်။ ထိုအခြေအနေ တွင် လူနေမှုအဆင့်အတန်းကို ထိန်းထားနိုင်ရေးလုပ်ခများကို ထပ်မံတိုးတောင်း ရပြန်သည်။ ဤသို့ဖြင့် လုပ်ခ-ဈေးနှုန်း၊ ဈေးနှုန်း-လုပ်ခ သံသရာကို ထပ်ခါတလဲလဲ ကြုံတွေ့နေကြရမည် ဖြစ်ပါသည်။
လုပ်ခ-ဈေးနှုန်း ကြောင်လိမ်လှေကားကြောင့် ဖြစ်ပေါ်လာသော ဈေးနှုန်းမြင့်တက်မှုသည် လုပ်သားအနည်းငယ်ပေါ် တွင်သာကွက်၍ အကျိုးသက်ရောက်ခြင်းမဟုတ်ဘဲ လုပ်သားအားလုံးနှင့် ပြည်သူတစ်ရပ်လုံးကို အကျိုးသက်ရောက် စေသည်။
ဥပမာ - ကျန်းမာရေးကဏ္ဍမှာ ပြည်သူ့ဆေးရုံ များတွင် သူနာပြုများ၏ လစာတိုးမြှင့်လိုက်ပြီ ဆိုပါက ပုဂ္ဂလိကဆေးရုံများမှ သူနာပြုဆရာမများကလည်း လစာတိုးတောင်းမည်ဖြစ်ပြီး ဆေးရုံ၏ အသုံးစရိတ်တက်လာမည်ဖြစ်ပါသည်။ ထိုကဲ့သို့ တက်လာသော စရိတ်များကို အမှန်တကယ်ပေးဆောင်ရသူများမှာ လူနာများ(စားသုံးသူများ) ဖြစ်ပါသည်။ စားသုံးသူ များကလည်း မိမိပိုပေးလိုက်ရသည့်စရိတ် ပြန်လည်ရရှိစေရေးအတွက် မိမိလုပ်ဆောင်နေသည့် နယ်ပယ်တွင် ဝင်ငွေ ပိုမိုရရှိရေး ဆောင်ရွက်ကြမည်ဖြစ်သောကြောင့် နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးတွင် ဈေးနှုန်းများ၊ လုပ်ခများ မြင့်တက်လာမည်ဖြစ်ပါ သည်။ သို့သော် လုပ်ခ-ဈေးနှုန်း ကြောင်လိမ်လှေကား သဘောအရ တိုးတက်ရရှိလာသော လုပ်ခ၊ လစာ၏ ဝယ်နိုင်စွမ်းအားကို အချိန်ကြာမြင့်စွာ ထိန်းထားနိုင်ခြင်းမရှိဘဲ လုပ်သားများကို မူလအခြေအနေသို့ ပြန်လည် ရောက်ရှိစေမည် ဖြစ်ပါသည်။
ထို့ကြောင့် လုပ်ခ-ဈေးနှုန်း ကြောင်လိမ်လှေကားသည် ကောင်းကျိုးမပေးသည့် အဆိုးသံသရာကဲ့သို့ ဖြစ်နေသဖြင့် လုပ်ခတိုးခြင်းနှင့် ဈေးနှုန်းမြင့်တက်ခြင်းကို ချိန်ညှိနိုင်ကြပြီး တည်ငြိမ်သောလုပ်ခဖြင့် တည်ငြိမ်သောဈေးနှုန်း ဖြစ်ပေါ် စေရေး အဖြေရှာကြရမည်ဖြစ်ပါသည်။ ။


