“တန်ခူး-ကဆုန် ဆွေ့ဆွေ့ခုန်”ဆိုသော ဆယ့်နှစ်လရာသီသဘာဝကို ညွှန်းဆိုသည့် မြန်မာ့ဆိုရိုးစကားအရ နွေအပူကို သိသိသာသာခံစားနေကြရပြီဖြစ်သည်။ ဧပြီ-မေ-ဇွန်လ နွေရာသီကာလအလွန်ပူပြင်းသည့် အပူဒဏ်အန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် သတိပြုသွားလာနေထိုင် လုပ်ကိုင်ဆောင်ရွက် ကြရမည်ဖြစ်သည်။ နှစ်စဉ် နှစ်တိုင်းကြုံတွေ့ကြရသည့် နွေအပူသည် ယခုနှစ်တွင် ယခင်နှစ်များကထက် ပိုမိုပူပြင်းသည်ဟု ခံစားကြရသည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ အပူချိန်တစ်နှစ်ထက်တစ်နှစ် မြင့်မားလာသည်မှာ အမှန်ဖြစ်သည်။

 

ပြီးခဲ့သည့်ရက်များက မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့အချို့တွင် ထူးခြားသည့် နေ့အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်ဝန်းကျင် ရှိရာမှ ယခုရက်များတွင် နေ့အပူချိန် ၄၂ ဒီဂရီဆဲလ်စီးယပ် ကျော်လွန်၍လာခဲ့ရာ နောက်ရက်များတွင် ၄၃ ဒီဂရီ ဆဲလ်စီးယပ်အထိ ဖြစ်လာမည့်သဘောရှိသည်။ အပူချိန်ဒီဂရီ ၁ ဒီဂရီဆဲလ်စီးယပ် ပိုလာသည့်အခါတိုင်း အပူဒဏ်ကို သိသိသာသာခံစားလာရသည်။ မြန်မာနိုင်ငံသည် ပူပြင်းခြောက်သွေ့သည့်ရပ်ဝန်းဒေသတွင် တည်ရှိနေသည်နှင့်အညီ ယခုကဲ့သို့ နွေရာသီကာလအတွင်း၌ အပူချိန်စံချိန်သစ်များဖြစ်လာပြီး ကမ္ဘာ့အပူဆုံးမြို့ကြီးများစာရင်းတွင် အမြင့်ဆုံး ပါဝင်လာခဲ့သည်။

 

ထို့ကြောင့် အပူရှိန်မြင့်မားလာမှုနှင့်အတူ ပြည်သူများ၏ကျန်းမာရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို ကျန်းမာရေးဝန်ကြီးဌာနက သတိပေးနှိုးဆော်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်သည်။ မိဘပြည်သူ များအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် ဖြစ်ပေါ်လာတတ်သည့်အခြေအနေများနှင့် မလိုလားအပ်သော ကျန်းမာရေး အကျိုးဆက်များ မဖြစ်ပေါ်စေရန်အတွက် မဖြစ်မနေကိစ္စများမှလွဲ၍ နေ့အပူရှိန်ပြင်းထန်သော နေရောင်အောက်တွင် သွားရောက်ခြင်းမှ ရှောင်ရှားသင့်ပါသည်။

 

ပြင်းထန်သောအပူရှိန်သည် ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ပိုင်းဆိုင်ရာကိုလည်း သိသိသာသာ ထိခိုက်စေပါသည်။ လူများအနေဖြင့် အပူဒဏ်ကြောင့် စိတ်တိုလွယ်ခြင်း၊ စိတ်မရှည်ခြင်းနှင့် ဒေါသထွက်လွယ်ခြင်းများ ခံစားရနိုင်ပါသည်။ ဤသို့မဖြစ်စေရန် စိတ်ကိုတည်ငြိမ်စွာထားခြင်း၊ အေးမြသောနေရာတွင် အနားယူခြင်းနှင့် သာယာနာပျော်ဖွယ်ရှုမောဖွယ် အခြေအနေများကို ဖန်တီးရယူနိုင်ရန် လိုပါသည်။ ပူပြင်းသောကာလများတွင် အနေအထိုင် အစားအသောက်မှအစ အစစအရာရာ အထူးသတိပြုနေထိုင်ကြရမည်ဖြစ်သည်။ ပူပြင်းသောကာလတွင် ဗက်တီးရီးယားပိုးများ ပေါက်ပွား လွယ်ပြီး အစားအစာများ အလွယ်တကူပျက်စီးတတ်ရာ အစားအသောက်များကို သတိပြုဆင်ခြင်စားသောက်ကြရမည်။

 

အရိပ်ရသောနေရာများတွင်သာ တတ်နိုင်သမျှနေထိုင်ရန်လိုအပ်ပြီး မဖြစ်မနေ ပြင်ပသို့ထွက်ရမည်ဆိုပါက မိမိအသား အရေကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိ တွေ့စေရန် လက်၊ လည်ပင်းနှင့် ပခုံးတို့ကို လုံခြုံသော၊ အရောင်ဖျော့သော ခပ်ပွပွ၊ ခပ်ချောင်ချောင် ချည်ထည်များကိုသာ ဝတ်ဆင်ရန်လိုအပ်ပါသည်။ မဖြစ်မနေပြင်ပသို့ သွားရောက်ရမည်ဆိုပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တို့ကို ဆောင်သွားရန်လိုအပ်သည်။ နေပူချိန်တွင် ရေဓာတ်နှင့် ဆားဓာတ်များဆုံးရှုံးနိုင်ခြေ မြင့်မားသဖြင့် သန့်ရှင်းသောရေကို များများသောက်သုံးရန်လိုအပ်သည်။ ပူပြင်းသောနေရောင်အောက်မှ အလွန်အေးသော အခန်းအတွင်း သို့မဟုတ် ကားအတွင်းသို့ ဝင်ရောက်ခြင်း၊ အေးမြသောနေရာမှ ပူပြင်းသောနေရောင်အောက်သို့ ချက်ချင်း ထွက်ခြင်းတို့ကို သတိပြုဆင်ခြင်ရန်လိုအပ်သည်။ နေပူထဲမှပြန်ရောက်ပြီး ချက်ချင်းရေချိုးသောအပြုအမူကို မပြုလုပ်မိ ရန်လိုပါသည်။

 

နွေရာသီတွင် အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရနိုင်ပြီး ကျန်းမာရေးထိခိုက်မှု အန္တရာယ်ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာခံစားရနိုင်သည်ကို သတိပြုရမည်ဖြစ်သည်။ အပူဒဏ်ကြောင့် ခေါင်းမူး ခေါင်းနောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ နုံးချည့်ပျော့ခွေခြင်း၊ အလွန်အမင်းရေဆာခြင်း၊ ဂနာမငြိမ် ဖြစ်ခြင်းနှင့် ကိုယ်အပူချိန်မြင့်မားခြင်းတို့ကို ဖြစ်စေပါသည်။ အပူဒဏ်ကြောင့် အရေပြားပူ၍ခြောက်သွေ့ခြင်း သို့မဟုတ် ချွေးခန်းခြောက်ခြင်းတို့ ဖြစ်စေပါသည်။ တစ်ဆက်တည်းတွင် ခန္ဓာကိုယ်အပူချိန် အလွန်အကျွံမြင့်တက်လာခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်းနှင့် တက်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်စေပါသည်။

 

အထူးသဖြင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များ၊ နာတာရှည်ရောဂါ အခံရှိသူ(ဆီးချို၊ နှလုံး၊ သွေးတိုး၊ စိတ် ကျန်းမာရေးချို့ယွင်းသူ)များ၊ ကာယလုပ်သားများ၊ အားကစားသမားများ၊ အဝလွန် သူများ၊ အရက်စွဲသူများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့် အပူဒဏ်အန္တရာယ်ကို အထူးသတိပြုရမည်ဖြစ်သည်။ သို့ဖြစ်ရာ နေ့အပူရှိန်ပြင်းထန်ချိန်တွင် အရိပ်ရ၍ အေးမြသောနေရာများတွင် အနားယူပါ၊ အရည်များများသောက်သုံးခြင်း စသည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေးအချက်များကို မိဘပြည်သူများအနေဖြင့် သတိပြုကာကွယ် လိုက်နာဆောင်ရွက် ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။     ။