မုံရွာ  ၂၃  မတ် 

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဓာတ်သတ္တုတူးဖော်ရေးနှင့်ပတ်သက်သည့် အသေးစားနှင့် လက်လုပ် လက်စား လုပ်ကိုင်ခွင့် ခွင့်ပြုမိန့်များ ပထမအကြိမ်ပေးအပ်ပွဲကို မုံရွာမြို့၊ မြို့တော်ခန်းမတွင် မတ် ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

'' ပြီးခဲ့တဲ့(၃)နှစ်လောက်က တရားဝင်လုပ်ပိုင်ခွင့်ရဖို့ လျှောက်လွှာတင်တာတွေကို လက်ခံခြင်းမရှိ ခဲ့ဘူး၊ အခုနည်းဥပဒေတွေထွက်တယ်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကိုလည်းလုပ်ပိုင်ခွင့်တွေ ခွဲဝေအပ်နှင်းတယ်၊ အဲဒါကြောင့် တိုင်းဒေသကြီး ဓာတ်သတ္ထုအသေးစား၊လက်လုပ်လက်စား လုပ်ကွက်များ စိစစ်ချထားရေးအဖွဲ့ကို ဖွဲ့စည်းပြီးတော့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်ထောင်စုအဆင့်က ကန့်သတ်ထားသော ဓာတ်သတ္တုမှအပ ကျန်တဲ့သတ္တု အမျိုးအစားတွေကို အသေးစားနဲ့လက်လုပ်လက်စား လျှောက်လို့ ရတယ်ဆိုပြီး (၁.၈.၂ဝ၁၈) ရက်နေ့မှာ နိုင်ငံပိုင်သတင်းစာထဲမှာ ထည့်သွင်းကြော်ငြာလိုက်တယ်၊ (၆.၈.၂ဝ၁၈)ရက်နေ့မှာ လျှောက်လွှာတွေကိုစတင်လက်ခံပြီး  တိုင်းဒေသကြီးကလုပ်ပိုင်ခွင့် ခွဲဝေချထားရေး အဖွဲ့ကအဆင့်ဆင့်စိစစ်တယ်၊ မြို့နယ်တွေကိုစိစစ်တယ်၊ နောက်ဧရိယာအပြီးသတ်နယ်နမိတ် တိုင်းတာရေး လုပ်ငန်းတွေလုပ်တယ်၊ အဲဒိလိုလုပ်ငန်းတွေ လုပ်ဆောင်ပြီးတဲ့ လုပ်ကွက်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကက်ဘိနက်အစည်းအဝေးကို တင်ပြပြီးတော့မှလုပ်ကိုင်ခွင့်ပေးတာဖြစ်တယ်'' ဟု စစ်ကိုင်းတိုင်းဒေသကြီး သတ္ထုတွင်းလုပ်ငန်းမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်နိုင်က ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေသတ္ထုအသေးစားလုပ်ကွက်ခွင့်ပြုမိန့်(၈၄)ခုနှင့် လက်လုပ်လက်စား လုပ်ကွက်(၂၄)ခုတို့ရရှိခဲ့ရာ အသေးစားနှင့် လက်လုပ်လက်စားလုပ်ကိုင်ခွင့်ခွင့်ပြုမိန့်များ ပထမအကြိမ် ပေးအပ်ပွဲတွင် အသေးစားလုပ်ကွက် ခွင့်ပြုမိန့်(၇ဝ)ဦးနှင့် လက်လုပ်လက်စားလုပ်ကွက်(၂၃)ခုတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)

 

1