စစ်တွေ ဧပြီ ၄

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက စစ်တွေမြို့သို့ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပျိုးဥယျာဉ်များတွင် ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

 

ကြည့်ရှုစစ်ဆေး

 

ဦးစွာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ရန်ကုန်မြို့မှ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောက်ရှိလာမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စနစ်တကျအတင်အချပြုလုပ်နိုင်ရေး၊ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။ 

 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ကမ်း၌ ရောက်ရှိနေသော MV - ရွှေစင်လမင်း သင်္ဘောတွင် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် စားသောက်ကုန် စုစုပေါင်း ၁၆၈၆ ဒသမ ၅ တန် တင်ဆောင်၍ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်ပြီး MV - အောင်ရတနာဝမ်းသင်္ဘောပေါ်မှ ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ အတင်အချပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေရေး စနစ်တကျဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားသည်။

 

MV-အောင်ရတနာဝမ်းသင်္ဘောတွင် ဆန်နှင့် အခြေခံစားသောက်ကုန်ပစ္စည်း စုစုပေါင်းတန်ချိန် ၆၅၀ တင်ဆောင်၍ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

 

ယင်းနောက် စစ်တွေမြို့ ခိုင်သဇင်ပန်းခြံ ပျိုးဥယျာဉ်၌ ပျိုးပင်များ ပျိုးထောင်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ သစ်တောဦးစီးဌာန ခြံဝင်းအတွင်းရှိ ပျိုးဥယျာဉ်၌ မိုးရာသီတွင် ပြည်သူလူထုအား ဖြန့်ဖြူးပေးနိုင်ရေးအတွက် ပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် ပရဆေးဥယျာဉ်အတွင်း၌ ဆေးဖက်ဝင်အပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။ 

 

တင်ထွန်း (ပြန်/ဆက်)