ပေါင် ဧပြီ ၅
မွန်ပြည်နယ် ပေါင်မြို့နယ်၌ နိုင်ငံတော်ကချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများနှင့် ၂၀၂၅ ခုနှစ် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်သော စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပေးကာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒောဘာသထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး သက်ဆိုင်ရာတာဝန်ရှိသူတို့က ဘွဲ့တံဆိပ်တော်များနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။ ၂၀၂၅ ခုနှစ် စာအောင်သံဃာတော်နှင့် သီလရှင် စုစုပေါင်း ၇၆ ပါးတို့အား ဘွဲ့တံဆိပ်နှင့်ဆုများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဆွမ်းဆန် စိမ်းများလောင်းလှူခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)


