ပုသိမ် ဧပြီ  ၅

 

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ  မဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေး အဖွဲ့များ ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေနိုင်ရေးအတွက် ဌာနဆိုင်ရာအလိုက်၊ ကျောင်းအလိုက် ကြိုတင်လေ့ကျင့် ဆောင်ရွက်လျက်ရှိသည်။

 

ထိုကဲ့သို့ ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ယိမ်းအကအဖွဲ့များအား သက်ဆိုင်ရာဌာနအလိုက်၊ ကျောင်းအလိုက် လေ့ကျင့်ဆောင်ရွက် လျက်ရှိပါကြောင်းနှင့်  မဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်ပြီး အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေနိုင်ရေးအတွက် ယိမ်းအဖွဲ့ ၁၉ ဖွဲ့က ကြိုတင်လေ့ကျင့် ဆောင်ရွက်နေသကဲ့သို့  ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရှုခင်းသာရင်ပြင်တွင် ဧရာဝတီတိုင်းဒေသကြီး(ဗဟို) သင်္ကြန်မဏ္ဍပ်အား အလျားပေ ၂၀၀၊ အနံပေ ၆၀ ဖြင့် ဖျော်ဖြေရေး မဏ္ဍပ်များ၊ ဧည့်ခံရေးမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များအား  ပူးတွဲတည်ဆောက်လျက်ရှိသည်။

 

ထို့ပြင် တိုင်းဒေသကြီးအတွင်း စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေး အနေဖြင့် လမ်းလျှောက်သင်္ကြန် အပါအဝင် ဗဟိုမဏ္ဍပ်နှင့်အခြား သောမဏ္ဍပ်များအား ပုသိမ်မြို့ ကမ်းနားလမ်းတွင် တစုတစည်း တည်းကျင်းပမည်ဖြစ်ရာ ဆိုလာရေရရှိရေးစနစ်ဖြင့် လည်းကောင်း၊ လျှပ်စစ်မီးအသုံးပြု၍ စက်သုံးဆီ သုံးစွဲရေးအား အနည်းဆုံး ခြိုးခြံချွေတာနိုင်ရေး အစီအစဉ်ကို ဆောင်ရွက်ထားကြောင်း ဗဟိုမဏ္ဍပ် တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ပြောကြားသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)