ပြည် ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ ဧပြီ ၄ ရက်မှစ၍ အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ကုသပေးမည့်နေရာအား ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဆောင်ရွက်လျက်ရှိ
ယခုရက်ပိုင်းအတွင်း ပူပြင်းသည့် နွေရာသီကာလရောက်ရှိ လာမှုနှင့်အတူ အပူချိန်မြင့်တက်မှုများ ဖြစ်ပေါ်လာမှုတို့ကြောင့် အပူဒဏ်အန္တရာယ်ဖြစ်ပွားမှု အများဆုံး တိုင်းဒေသကြီး/ ပြည်နယ်များတွင် အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ရောဂါများဖြင့် ပြည်သူ့ဆေးရုံများသို့ လာရောက်ပြသသော လူနာများအား လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင်လည်း လူနာများ လက်ခံကုသပေးမည့်နေရာ ကြိုတင်စီစဉ်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများ ကြိုတင်ဖြည့်ဆည်း ပြင်ဆင်ထားရှိခြင်း၊ အပူဒဏ်အန္တရာယ်လူနာများအား အရေးပေါ် ကုသမှုပေးရာတွင် ကုသမှုလုပ်ငန်းလမ်းညွှန်နှင့်အညီ ဆောင်ရွက်ရန်အတွက် လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းအပါအဝင် အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက် ကျန်းမာရေးပညာပေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)


