ရန်ကုန် ဧပြီ ၅
အားကစားနှင့် ကာယပညာဦးစီးဌာန မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်က ကြီးမှူး၍ ကလပ်အသင်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ရွှေသံလွင်မီဒီယာတို့ ပူးပေါင်းစီစဉ်သည့် ပထမဆုံး အကြိမ် ပိုက်ကျော်ခြင်းလိဂ် ၂၀၂၆ (Myanmar Sepaktakraw League(MSL 2026) ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်များကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏပိုက်ကျော်ခြင်း အားကစားရုံ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ နာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးသည်။
ဗိုလ်လုပွဲပြိုင်ပွဲ၌ အမျိုးသမီးပြိုင်ပွဲတွင် Youth Camp အသင်း ကYRG အသင်းကို ရမှတ် 15-8၊ 12-15၊ 15-6 မှတ်ဖြင့် လည်းကောင်း၊ အမျိုးသားသုံးယောက်တွဲတွင် YRG အသင်းက ရွှေကျွန်းသားအသင်းကို ရမှတ် 6-15၊ 15-10၊ 15-5 မှတ်ဖြင့်လည်းကောင်း၊ အမျိုးသား လေးယောက်တွဲတွင် ADARKHORSE အသင်းက YRG အသင်းကို ရမှတ် 9-15၊ 17-15၊ 15-9 မှတ်ဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။
ထို့နောက်ပြိုင်ပွဲများအပြီး ဆုချီးမြှင့်ပွဲကို ကျင်းပရာ အကောင်းဆုံး အမျိုးသား၊ အမျိုးသမီး မျိုးဆက်သစ်ဆုရ အားကစားသမားများနှင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသောအသင်းများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုဖလားများကို ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ အမျိုးသားလေးယောက်တွဲတွင် ပထမဆုရ ADARKHORSE အသင်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။
အဆိုပါပြိုင်ပွဲတွင် အမျိုးသမီးသုံးယောက်တွဲ ပြိုင်ပွဲဝင်အသင်း ငါးသင်း၊ အမျိုးသားပြိုင်ပွဲဝင် အသင်း ၁၀ သင်းမှ ပြိုင်ပွဲအမျိုးအစား နှစ်မျိုးအဖြစ် အမျိုးသားသုံးယောက်တွဲ၊ အမျိုးသား လေးယောက်တွဲတို့သည် ပတ်လည်စနစ်ဖြင့် မတ် ၁၄ ရက်မှ ဧပြီ ၅ ရက်အထိ ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အာကာ


