ရန်ကုန်      ဧပြီ     ၅

FIFA-MFF ယူ-၁၅ လူငယ်လိဂ်ပြိုင်ပွဲ ရန်ကုန်ဇုန်ခြေစစ်ပွဲများကို ဧပြီ ၄၊ ၅ ရက်က ရန်ကုန်မြို့ သုဝဏ္ဏလေ့ကျင့်ရေးကွင်းနှင့် အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်)  လေ့ကျင့်ရေးကွင်းတို့၌  စတင်ကျင်းပသည်။

ဧပြီ ၄ ရက်ကကျင်းပသည့် ခြေစစ်ပွဲ ပထမနေ့တွင် ဖားစည်မြေအသင်းက Little Comets အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ BH5 အသင်းက Future Goal အသင်းကို လေးဂိုး-နှစ်ဂိုး၊ Swat-E Academy အသင်းက ဘူရှီဒိုအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ အရှေ့ဒဂုံစတားအသင်းက Syriam Myoma အသင်းကို သုံးဂိုး-ဂိုးမရှိ၊ Bo Min Yaung အသင်းက Future Stars အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး Burma Football Academy အသင်းနှင့် Phoenix Future Soccer အသင်းတို့ သုံးဂိုးစီ သရေ ကျခဲ့သည်။ ဧပြီ ၅ ရက်ကကျင်းပသည့် ဒုတိယနေ့တွင် BH5 အသင်းက Little Comets အသင်းကို ခြောက်ဂိုးပြတ်၊ ဘူရှီဒိုအသင်းက Burma Football Academy အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ စိန့်ပေါလ်အသင်းက Swat-E Academy အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ အရှေ့ဒဂုံစတားအသင်းက Future Stars အသင်းကို  သုံးဂိုး-နှစ်ဂိုး၊   Bo   Min   Yaung   အသင်းက Syriam  Myoma  အသင်း ကို ခြောက်ဂိုးပြတ် အနိုင်ရပြီး Future Goal  အသင်းနှင့် ဖားစည်မြေအသင်း တစ်ဂိုးစီသရေကျခဲ့သည်။

ရန်ကုန်ဇုန်ခြေစစ်ပွဲကို အုပ်စုသုံးခုခွဲ၍ ကျင်းပနေပြီး အုပ်စုတစ်ခုစီမှ  အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးနှစ်သင်းစီမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့် ပုံစံအရ ဒုတိယအဆင့် တွင် ဇုန်များခွဲ၍ ကျင်းပမည်ဖြစ်ပြီး  ရန်ကုန်ဇုန်တွင်  ယခင်နှစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ၁၂ သင်း၊ MFF ယူ-၁၄ အသင်းနှင့် YUFC အသင်း၊ ခြေစစ်ပွဲအောင်မြင်ခဲ့သည့် ခြောက်သင်း စုစုပေါင်းအသင်း ၂၀၊ မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်ဇုန်တွင် ခြောက်သင်းစီ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ရန်ကုန်ဇုန်တွင် အသင်းအရေအတွက်များသဖြင့် တစ်ကျော့တည်းကျင်းပမည်ဖြစ်သော်လည်း ကျန်ဇုန်များကို နှစ်ကျော့စနစ်ဖြင့် ကျင်းပကာ  ရန်ကုန်ဇုန်မှ အဆင့် (၁) မှ (၄)အထိရရှိမည့် လေးသင်း၊ ကျန်ဇုန်သုံးခုတွင် ထိပ်ဆုံးတစ်သင်းစီနှင့် ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးတစ်သင်း စုစုပေါင်း ရှစ်သင်းမှာ  နောက်ဆုံးအဆင့်  ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MFF