ရန်ကုန်      ဧပြီ     ၅

မြန်မာဖိုက်တာ ဂျိုရှုအာဗန်၏ UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို ယခင်စီစဉ်ထားသည့်  UFC 327 ပြိုင်ပွဲတွင် မပါဝင်ဘဲ  UFC 328 ပြိုင်ပွဲသို့ ရွှေ့ဆိုင်းလိုက်သည်။

ယခင်က မြန်မာစံတော်ချိန် ဧပြီ ၁၂ ရက်တွင်ကျင်းပမည့်  UFC 327 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ဂျိုရှုအာဗန်၏ ပထမဆုံး ကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲကို Co Main Event  အဖြစ်   ထည့်သွင်းထားသော်လည်း ဂျိုရှုအာဗန်၏  ဒဏ်ရာပြဿနာကြောင့်  ပွဲပျက်သွားပြီး  တစ်လနီးပါးအကြာ  မေ  ၉  ရက်တွင်ကျင်းပမည့်  UFC  328  ပြိုင်ပွဲသို့  ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း  UFC  က   ဧပြီ  ၅  ရက်တွင်  သတင်းထုတ်ပြန်သည်။

ဂျိုရှုအာဗန်သည် ပထမဆုံးကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအတွက် သေချာပြင်ဆင်ထားသော်လည်း   ပွဲထိုးသတ်ခါနီး  ရက်ပိုင်းအလိုမှ   ဒဏ်ရာပြဿနာကြောင့် ရက်အပြောင်းအလဲဖြစ်ခဲ့ခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ဂျပန်ဖိုက်တာ တက်ဆုရိုနှင့် ယှဉ်ပြိုင်ထိုးသတ် ရမည်ဖြစ်ပြီး ရက်ပြောင်းလဲသော်လည်း ပြိုင်ဘက်ပြောင်းလဲခြင်းမရှိကြောင်း သိရသည်။

ဂျိုရှုအာဗန်သည် ပရော်ဖက်ရှင်နယ်   MMA   ကစားသမားဘဝ စုစုပေါင်း ၁၈ ပွဲထိုးသတ်ရာတွင် ၁၆ ပွဲနိုင် နှစ်ပွဲရှုံးနိမ့်ထားပြီး UFC နှင့် ၁၀ ပွဲထိုးသတ်ရာတွင် ကိုးပွဲနိုင် တစ်ပွဲရှုံးနိမ့်ထားသည်။ ဂျိုရှုအာဗန်သည် UFC တွင် နောက်ဆုံး ခြောက်ပွဲဆက်တိုက်အနိုင်ရပြီး ကမ္ဘာ့ချန်ပီယံပါ ဖြစ်လာ ခဲ့ခြင်းဖြစ်သည်။ ဂျိရှုအာဗန်သည် ၂၀၂၃ ခုနှစ်တွင် နာမည်ကျော် တိုက်ခိုက်ရေးအဖွဲ့အစည်း UFC  နှင့် စတင်လက်တွဲပြီးနောက် နှစ်နှစ်ကျော်ကာလအတွင်း ကမ္ဘာ့ချန်ပီယံဖြစ်လာခြင်းဖြစ်သည်။  ဂျိုရှုအာဗန်သည် ၂၀၂၅ ခုနှစ်  ဒီဇင်ဘာ ၆  ရက်က ထိုးသတ်သည့်ပွဲတွင် ဘရာဇီးဖိုက်တာ  ပန်တိုဂျာကို   အလဲထိုးအနိုင်ယူပြီးနောက် ကမ္ဘာ့ချန်ပီယံဖြစ်လာပြီး လေးလကျော်အကြာတွင်  ချန်ပီယံကာကွယ် ပွဲ ပထမဆုံးအကြိမ် ထိုးသတ်ရမည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-UFC