ရန်ကုန်  ၂၃  မတ် 

 

ရခိုင်ပြည်နယ် ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေး ဂေါပကအဖွဲ့(ရန်ကုန်)က ကြီးမှူးကျင်းပသည့်  (၃၂)ကြိမ်မြောက် ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အနီးရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ ကျင်းပသည်။

 

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို  ဘုရားကန်တော့၍ မင်္ဂလာစည်တော်ဖြင့် ဖွင့်လှစ်ပေးပြီး ရခိုင်ပြည်နယ် ဓမ္မာရုံ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစောသိန်းက အခမ်းအနားဖွင့်စာတမ်းဖြင့် ပူဇော်ပွဲအား ဖွင့်လှစ်ကြောင်း လျှောက်ထားသည်။

 

ထို့နောက် ရခိုင်ပြည်နယ် ဓမ္မာရုံ ဂေါပကအဖွဲ့ ဦးဆောင်နာယက ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က သာသနာတော် ဆိုင်ရာများကို လျှောက်ထားသည်။

 

ယင်းနောက် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဒက္ခိဏာရာမစာသင်တိုက် ဆရာတော်ကြီး ဘဒ္ဒန္တစန္ဒ ထံမှ ပရိသတ်က ငါးပါးသီလခံယူဆောက်တည်ကြသည်။

 

ဆက်လက်၍ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဒက္ခိဏာရာမစာသင်တိုက် ဆရာတော်ကြီး ဘဒ္ဒန္တစန္ဒ၊ တိပိဋကပုလဲရောင်ရှိန် စာသင်တိုက် ဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဣန္ဒပါလနှင့် ကမ္ဘာလုံးဆိုင်ရာ ဓမ္မငြိမ်းချမ်းရေးဆု တံဆိပ်တော်ရ အလိုတော်ပြည့်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအရိယဝံသ ဆရာတော်များထံမှ ပရိသတ်တို့က သြဝါဒတရား နာယူကြသည်။

 

ယင်းနောက် ကြွရောက်တော်မူလာကြသည့် ဆရာတော် သံဃာတော်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သရစ္ဇျာယ်တော်မူကြပြီး အလိုတော်ပြည့် ဓမ္မာစရိယတက္ကသိုလ်များ၏ နာယကချုပ် ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသုစိတ္တာဘိဝံသ ရေးသားသီကုံး ပူဇော်သော သဒ္ဓမ္မဌိတိဝေဒလ္လ ဂါထာဖြင့် ပူဇော်သည်။

 

ထို့နောက် အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ဒက္ခိဏာရာမစာသင်တိုက် ဆရာတော်ကြီး ဘဒ္ဒန္တစန္ဒ၏ ထေရုပ္ပတ္တိအကျဉ်းကို ရခိုင်ပြည်နယ် ဓမ္မာရုံ ဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးမြမောင်က လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဓမ္မငြိမ်းချမ်းရေးဆု တံဆိပ်တော်ရ အလိုတော်ပြည့်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တအရိယဝံသ၏ ထေရုပ္ပတ္တိအကျဉ်းကို ရခိုင်ပြည်နယ် ဓမ္မာရုံ ဂေါပကအဖွဲ့ဝင် စာရင်းစစ်မှူး ဦးစံလှမောင်က လည်းကောင်း၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ကြာအင်းဆိပ်ကြီး ပရိယတ္တိ သဒ္ဓမ္မဝါစီမင်းကျောင်း ဆရာတော် ဘဒ္ဒန္တရေဝတာဘိဝံသ၏ ထေရုပ္ပတ္တိအကျဉ်းကို ရခိုင်ပြည်နယ် ဓမ္မာရုံ ဂေါပကအဖွဲ့ဝင် ပြန်ကြားရေးမှူး  ဦးအေးမောင်က လည်းကောင်း ဖတ်ကြားပူဇော်ကြသည်။

 

ဆက်လက်၍ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ၁၇ ပါး၊  ကမ္ဘာလုံးဆိုင်ရာ ဓမ္မငြိမ်းချမ်းရေးဆုတံဆိပ်တော်ရ  ဆရာတော် တစ်ပါး၊  စာပေထူးချွန် သံဃာ တစ်ပါးနှင့် သီလရှင်ဆရာလေး တစ်ပါးတို့အား  ရခိုင်ပြည်နယ် ဓမ္မာရုံ ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။

 

ယင်းနောက် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ကြာအင်းဆိပ်ကြီး ပရိယတ္တိ သဒ္ဓမ္မဝါစီမင်းကျောင်း ဆရာတော် ဘဒ္ဒန္တရေဝတာဘိဝံသထံမှ ပရိသတ်က အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေကြသည်။

 

ထို့နောက်  ရခိုင်ပြည်နယ် ဓမ္မာရုံ ဂေါပကအဖွဲ့ ဦးဆောင်နာယက ဦးတင်ညွန့်က နိဂုံးချုပ်စာတမ်းလျှောက်ထားပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ဆုတောင်းကာ မင်္ဂလာစည်တော် အောင်ဇေယွန်း၍ ရုပ်သိမ်းလိုက်သည်။

 

ရခိုင်ပြည်နယ် ဓမ္မာရုံ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစောသိန်းက အခမ်းအနား ကျင်းပ ခြင်းနှင့်ပတ်သက်၍ “နိုင်ငံတော်က လွတ်လပ်ရေးနေ့မှာ  သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်တွေချီးမြှင့်ခံရတဲ့ ရခိုင်ဆရာတော်တွေကို ရခိုင်ဒကာ ဒကာမတွေက ထပ်ဆင့် ဂုဏ်ပြု ပူဇော်တဲ့ ပွဲဖြစ်ပါတယ်။ ကျင်းပလာတာ အခုဆိုရင် ၃၂ ကြိမ် ရှိပြီ။ ထူးခြားမှုအနေနဲ့ ဒီနှစ်မှာတော့ ရခိုင်ဆရာတော်ကြီးတွေထဲက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ထဲမှာ အမြင့်ဆုံးဖြစ်တဲ့ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်တစ်ပါး ရရှိခဲ့ပါတယ်။ နောက်ထပ် ဒီနှစ်မှာ အလိုတော်ပြည့်ဆရာတော်ကြီး ဆိုရင် ကမ္ဘာလုံးဆိုင်ရာ ဓမ္မငြိမ်းချမ်းရေးဆုကြီးကို ရရှိခဲ့ပါတယ်။ ဘွဲ့တံဆိပ်ရ၊ ဆုရ  ဆရာတော်ကြီးတွေကို ရခိုင်ဒကာ ဒကာမတွေ၊ ရခိုင်မြို့နယ်အသင်း၊ ရခိုင်လူမှုရေး အသင်းအဖွဲ့တွေက စုပေါင်းပြီး ထပ်ဆင့် ဂုဏ်ပြု ပူဇော်တဲ့ပွဲဖြစ်ပါတယ်။ ဒီလိုပွဲမျိုးကို နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပသွားမယ်”ဟု ပြောသည်။

 

သတင်း - ရီရီမြင့်

 

ဓာတ်ပုံ - ရဲထွဋ်

 

DSC_284