နေပြည်တော် ဧပြီ ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ကျောက်အိုးချောင်းပေါ်တွင်တည်ရှိသည့် ဥတ္တရသီရိရေလှောင်တမံသို့ သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် မြေသားတမံပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် အကူရေပိုလွှဲအနီးတွင် ရေတံခါးတပ် အရေးပေါ်ရေပိုလွှဲ ထပ်မံဖြည့်စွက် တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ရေတံခါးတပ်အရေးပေါ်ရေပိုလွှဲကို အတည်ပြုဒီဇိုင်း ပုံစံများအတိုင်း အရည်အသွေးပြည့်မီစွာ အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ရန်၊ အရေးပေါ်ရေပိုလွှဲနှင့် မြေသားတမံ ထိစပ်သောနေရာများတွင် မြေပြန်ဖို့ရာ၌ မြေသားသိပ်သည်းမှုကောင်မွန်စေရန်အတွက် အလွှာအလိုက်တစ်ဆင့်ချင်း စနစ်တကျဆောင်ရွက်ရန်၊ မြေသားတမံပြုပြင်ခြင်းလုပ်ငန်းတွင် အပေါ်ယံ မြေလွှာများအား စနစ်တကျဖယ်ရှားရန်၊ မြေသားများ ပြန်လည်ဖို့ကြိတ်ရာတွင်လည်း သင့်လျော်ကောင်းမွန်သည့် မြေအမျိုးအစားဖြင့် အလွှာလိုက်ဖို့၍ သိပ်သည်းမှုကောင်းအောင် စနစ်တကျဆောင်ရွက်ရန်၊ တမံအခြေရှိ ရေစစ်ကျောက်ရိုးကို အရည်အသွေး ကောင်းမွန်သည့် ကျောက်များဖြင့် သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ပြုပြင်ဆောင်ရွက်ရန်၊ တမံမှ ရေစစ်လွှာများနှင့် ရေစစ်ကျောက်ရိုးတို့အား ကောင်းမွန်စွာ ချိတ်ဆက်မိစေရေး ဂရုပြုဆောင်ရွက်ရန်၊ ဆည်အတွင်း ရေသိုလှောင်မှု လျော့နည်းနေသည့်အချိန်တွင် ပြုပြင်ခြင်းဖြစ်သောကြောင့် တမံအတွင်း စုဆောင်းပြီးရေများကို လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ မြို့ရေပေးဝေရေးအတွက် သုံးစွဲနိုင်ရေးနှင့် လုပ်ငန်းအမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်ရန် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး မှာကြားသည်။
ဥတ္တရသီရိရေလှောင်တမံသည် ရေဆင်းဧရိယာ ဧက ၁၅၀၀၊ တမံအမြင့်ပေ ၆၀၊ တမံအလျားပေ ၁၁၂၀ ရှိ မြေသားတမံအမျိုးအစားဖြစ်ပြီး ဥတ္တရသီရိမြို့နယ်အတွင်းရှိ ပြည်သူများအား သောက်သုံးရေဖူလုံစွာ ပေးဝေနိုင်ရေးအတွက် ၂၀၀၈-၂၀၀၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ရာ သက်တမ်းအားဖြင့် ၁၇ နှစ် ရှိပြီဖြစ်၍ နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းရေး)က တာဝန်ယူထိန်းသိမ်းထားသော တမံတစ်ခုဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ် သရက်ကွင်းကျေးရွာအနီး ဆင်သေရေလွှဲဆည်အသစ် တည်ဆောက်မည့်နေရာသို့ရောက်ရှိရာ တာဝန်ရှိသူများက ဆင်သေရေလွှဲဆည်အသစ် တည်ဆောက်ခြင်းလုပ်ငန်းအား ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အကြိုတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေလွှဲဆည်အူကြောင်း (Alignment) ရွေးချယ်ထားရှိမှု၊ သတ်မှတ်ဒီဇိုင်းပုံစံအရ မြေပြင်အနေအထားနှင့် ကိုက်ညီမှု ရှိ၊ မရှိ အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ သတ်မှတ် Schedule အစီအစဉ်များအတိုင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဆင်သေရေသောက်စနစ် လက်ယာမြောင်းမကြီးနှင့် လက်ဝဲမြောင်းမကြီး လက်တံတစ်မြောင်း အဖျားပိုင်းအထိ နွေစပါးနှင့် နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆင်သေရေလှောင်တမံအနေဖြင့် ယခုနှစ် (၂၀၂၅-၂၀၂၆) နွေသီးနှံရာသီတွင် နွေစပါးနှင့် နွေအခြားသီးနှံ လျာထားဧကပေါင်း ၁၁၅၈၀ ရှိသည့်အနက် ယနေ့အထိ နွေစပါး ၈၄၈၈ ဧကနှင့် နွေအခြား သီးနှံ ဧက ၈၈၀ ကို စိုက်ပျိုးရေပေးဝေထားရှိပြီး ကျန်ဧကများကိုလည်း စိုက်ပျိုးရေ ဆက်လက်ပေးဝေလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


