ကော့မှူး ဧပြီ ၆

 

ပန်းချီ၊ ဂျပန်စကားပြော အဆင့်မြင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က ကျောင်းသား ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီ၊ဂျပန်စကားပြောပညာကို ပိုမိုတတ်မြောက်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ အခြေခံကွန်ပျူတာ သင်တန်းကိုလည်း ဆက်လက်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီအဖွဲ့ဝင် အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းရီက ပန်းချီသင်ခန်းစာသည် ကျောင်းသင်ခန်းစာအတွက် အထောက်အကူပြုကြောင်း ပြောကြားပြီး ပန်းချီပညာရှင် ဦးနေနွယ်အောင်က ပန်းချီ၏ သဘောတရားနှင့် အခြေခံပန်းချီပညာရပ်များဖြစ်ကြသည့် မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းယိုင်များဖြင့် ပန်းချီတည်ဆောက်ပုံများကို စာတွေ့လက်တွေ့သင်ကြားပို့ချပေးထားပြီဖြစ်သဖြင့် အဆင့်မြင့် ဆက်လက်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူ ၃၀ တက်ရောက်ကြပြီး သင်တန်းကို ဧပြီလစတုတ္ထပတ်အထိ အခမဲ့ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)