ပုသိမ်  ၂၃  မတ် 

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP)၏ နည်းပညာအကူအညီဖြင့် “တာဝန်ယူမှုရှိသော အုပ်ချုပ်ရေး နှင့် စီးပွားရေးလုပ်ငန်းများ” ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

 

အလုပ်ရုံဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်တို့က အမှာစကား  ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး၊ ကော်မရှင်အဖွဲ့ဝင်နှင့်ပြင်ပ ပညာရှင် များ၊ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၆)ဦးတို့က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာများ၊ တာဝန်ယူမှုရှိသော အုပ်ချုပ်ရေး၊ စီးပွားရေးကဏ္ဍများကို စင်မြင့်ထက်တွင်စကားဝိုင်းအသွင်ဖြင့်ဆွေးနွေးကြသည်။

 

အလုပ်ရုံဆွေးနွေးပွဲ၌ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောကြားရာတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပြည်သူအား အသိပညာပေးခြင်းကို ကြိုးစားဆောင်ရွက်နေခြင်းအား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အဂတိ ကင်းစင်သောရပ်ဝန်းကြီးဖြစ်ပေါ်လာရေးအတွက် ပူးပေါင်းလိုက်နာဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းမှာ အဂတိတိုက်ဖျက်ရေးဆိုင်ရာ အသိအမြင်များမြှင့်တင်ပေးခြင်းဖြင့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားစေရန် ရည်ရွယ်ခြင်းဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုသည် နိုင်ငံအားဆင်းရဲနွမ်းပါးသည့် အခြေအနေထိဖြစ်ပေါ်စေသည့် စနစ်ဆိုးကြီးဖြစ်၍ တိုက်ဖျက်ရမှာ ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု လျော့ပါးလာသည်နှင့်အမျှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း  ပြောကြားသည်။

 

ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ကော်မရှင်သည် တရားစွဲဆို အရေးယူဆောင်ရွက်ရခြင်းများ လျော့ပါးသက်သာသွားစေရေးအတွက် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာပေးရေးလုပ်ငန်းများနှင့် တားဆီးကာကွယ်ရေးလုပ်ငန်း များကိုလည်း တချိန်တည်း တစ်ပြိုင်တည်း တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်သည်ဟု သုံးသပ်ပြီး အလုပ်ရုံဆွေးနွေးပွဲများကို ဆက်လက် ဆောင်ရွက်နေရခြင်း ဖြစ်ပါကြောင်း၊လုပ်ပိုင်ခွင့်အာဏာရှိသူများ အနေဖြင့် မိမိတို့ဌာနများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး သို့မဟုတ် တားဆီးကာကွယ်ရေးလုပ်ငန်းကို စတင်လုပ်ဆောင်တော့မည်ဟု ဆုံးဖြတ်ပြီးလျှင် မိမိတို့ကိုယ်တိုင် နှင့် မိမိတို့အဖွဲ့အစည်းများကို အဂတိကင်း စင်သွားအောင် ကိုယ်တိုင်ကစတင်၍ စွန့်လွှတ်အနစ်နာခံ၊ အဆင်းရဲအပင်ပန်းခံပြီး စနစ်တစ်ခုလုံးကို ပြောင်းလဲသွားစေရန် တာဝန်ယူ ဆောင်ရွက်ရသည့် အလုပ်ဖြစ်ပါကြောင်း၊ ဤသည်မှာ စစ်မှန်သော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အလုပ်တစ်ခုပင်ဖြစ်ပါကြောင်း၊ အစိုးရဌာနများအတွင်း၌ဖြစ်စေ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများ၌ဖြစ်စေ၊ ပင်ကိုရိုးသားဖြူစင်သော အသိစိတ်ဓာတ်ဖြင့် အဂတိ လိုက်စားမှုကို စွဲမြဲစွာဆန့်ကျင်နေကြသည့်လူများ အများအပြား ရှိနေကြဆဲဖြစ်သည်ဟုယုံကြည်ပါကြောင်း၊ အဆိုပါပုဂ္ဂိုလ်များသည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး၌ နေရာပြန်ယူကြစေလိုပြီး အဂတိ လိုက်စားမှု စနစ်ဆိုးကို ပြည်သူများနှင့်အတူ တက်ညီလက်ညီတိုက်ဖျက်ကြရန် အချိန်ကျ ရောက်နေပြီဖြစ်ပါကြောင်း၊မိမိတို့ဌာနအတွင်း၌ အဂတိလိုက်စားမှုစနစ်ကို လျော့ကျ သွားစေရန် မိမိတို့ကိုယ်တိုင် တာဝန်ယူကြမည်ဟူသော ပင်ကိုဖြောင့်မတ် တည်ကြည် သော စိတ်ကောင်းစေတနာ ရှိသည့် နိုင်ငံ့ဝန်ထမ်းကောင်းများ အနေဖြင့်   မြို့နယ်နှင့် ကျေးလက်ဒေသ အသီးသီးတွင် မိမိဌာနနှင့်ပတ်သက်၍ အဂတိလိုက် စားမှု ဖြစ်ပွားနေမှုများကို စိစစ်ဖော်ထုတ်ရန်၊ သေးငယ်သောလာဘ်ပေးလာဘ်ယူမှုများ ရှိခဲ့လျှင် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်အညီ အရေးယူ နိုင်ရေးတင်ပြသွားရန်၊ ပိုမိုကြီးမားသော အဂတိလိုက်စားမှုများဖြစ်ခဲ့လျှင် ပြည်ထောင်စု ဝန်ကြီးဌာန(သို့မဟုတ်) သက်ဆိုင်ရာအစိုးရအဖွဲ့မှတစ်ဆင့် ကော်မရှင်သို့ ဆောလျင်စွာ လွှဲပြောင်းပေးပို့ရန်၊ ဌာနကကျင့်သုံးနေသည့် နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များ၌ အဂတိလိုက်စားမှု ဖြစ်နိုင် ခြေ အန္တရာယ်များကို တွေ့ရှိရ လျှင် ပြည်ထောင်စုဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ CPU နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတို့ကို ကြိုတင်တင်ပြသွားသင့်ပါကြောင်း ကော်မရှင် အနေဖြင့် တိုက်တွန်းပြောကြားလိုပါကြောင်း။

 

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ CPU ဖွဲ့စည်းခြင်းနှင့် အဂတိ လိုက်စားမှု ဖြစ်နိုင်ခြေအန္တရာယ်ရှိမှုအကဲဖြတ်ခြင်း CRA လုပ်ငန်းစဉ်တို့သည် ကမ္ဘာလုံး ဆိုင်ရာစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (SDG) အမှတ်စဉ် ၁၆ နှင့်လည်း ဆီလျှော်ကိုက်ညီမှုရှိပါကြောင်း၊ ယခုအခါ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း သည် ကမ္ဘာလုံးဆိုင်ရာ အခြေခံကျင့်သုံးမှု (Universality) ဖြစ်သည်ဟုပြောနိုင် နေပြီဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင် စတင်ပြောင်းလဲခြင်းနှင့် မိမိတို့၏အဖွဲ့အစည်းများကို ပြောင်းလဲလာစေရန် တာဝန်ယူခြင်းတို့ဖြင့် မိမိတို့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ ကိုပြန်လည် မြှင့်တင်ပေးကြပါ၊ နိုင်ငံတော်၏ အုပ်ချုပ်ရေးလုပ်ငန်းနှင့် စီးပွားရေး လုပ်ငန်းတို့တွင် တာဝန်ယူမှု မြှင့်တင်ပေးကြပါရန် တိုက်တွန်းကြောင်း ပြောကြားသည်။

 

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် တက်ရောက်လာကြသူ များနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကြသည်။

 

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့် က“ကော်မရှင်၏ အဂတိလိုက် စားမှုတိုက်ဖျက်ရေးဆိုင်ရာဆောင်ရွက်မှုများ”၊ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဌေးဝင်းက“တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးကဏ္ဍ”၊ ဒေါက်တာတင်မောင်သန်း (သင့်ဘဝ)က“တာဝန်ယူမှု ရှိသော အုပ်ချုပ်ရေးကဏ္ဍ”၊ ဒေါက်တာဇော်ဦး က “တာဝန်ယူမှုရှိသောCSOများကဏ္ဍ”၊ ကုန်သည် စက်မှုအသင်းချုပ် မှ ဦးဝင်းမြင့်အောင် က “ တာဝန်ယူမှုရှိသော စီးပွားရေး ကဏ္ဍ”နှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင် ဦးဝင်းမြင့် လှိုင်က “တာဝန် ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ” ခေါင်းစဉ်များဖြင့်  ဆွေးနွေးကြသည်။

 

မွန်းလွဲပိုင်းတွင် တက်ရောက်ကြသူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးမှုရလဒ်များအပေါ် သုံးသပ် ပြောကြားသည်။

 

ဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းအတွင်းရှိ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP မှ တာဝန်ရှိသူများ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ မီဒီယာများ စုစုပေါင်း အင်အား ၅၀ဝ ခန့် တက်ရောက်ခဲ့သည်။ 

 

တိုင်းဒေသကြီးပြန်/ဆက်