နေပြည်တော် ဧပြီ ၆
ဝါစိုက်တောင်သူများ ဈေးကွက်ရရှိစေရန်နှင့် ဝါကြိတ်စက်၊ ရက်ကန်းစက်များအတွက် ကုန်ကြမ်းများရရှိစေနိုင်ရေးရည်ရွယ်၍ နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်၏ အသင်းအမှုဆောင်များ၊ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက် “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်း၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဝါစိုက်အသင်းသားတောင်သူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးကောင်းမွန်သော ချည်မျှင်များရရှိနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ငွေကြေး၊ အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်များရရှိရေး ပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမကဏ္ဍမှ ဝါစိုက်ဧက ၉၀၀၀၀ ကျော် လျာထားအကောင်အထည်ဖော် စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း။
ယခုကဲ့သို့ “လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်ကို တည်ထောင်နိုင်ခြင်းအားဖြင့် နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ် စသည့်မြို့နယ်တို့မှ သမဝါယမအသင်းသား ဝါစိုက်တောင်သူများ စိုက်ပျိုးထုတ်လုပ်သော ဝါများကို ဈေးကောင်းပေး၍ ဝယ်ယူကာ ကြိတ်ခွဲထုတ်လုပ်ပေးနိုင်သည့်အတွက် တောင်သူများအတွက် ဈေးကွက်ရရှိကာ ဈေးနှိမ်ခံရသည့်ကိစ္စများဖြစ်လာခြင်း မရှိတော့ပါကြောင်း။
နေပြည်တော်ကောင်စီအတွင်း၌ ယခုကဲ့သို့ သမဝါယမကဏ္ဍမှ ဝါကြိတ်စက်၊ ဝါဖိစက်နှင့် စက်ရက်ကန်းရုံ တည်ထောင်လည်ပတ်ခြင်းဖြင့် ပြည်တွင်းချည်ချောထုတ်လုပ်မှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး ပြည်တွင်းသုံးစွဲမှု ဖူလုံရုံသာမက ပြည်ပသို့ပါ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဝါစိုက်ပျိုးထုတ်လုပ်သူများ၊ ဝါလုပ်ငန်းရှင်များ၊ သမဝါယမဦးစီးဌာနအဆင့်ဆင့်မှ တာဝန်ရှိသူများအားလုံးအနေဖြင့် သမဝါယမစနစ်ဖြင့် ပံ့ပိုးကူညီပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် “လှ” ချည်မျှင်ထုတ်လုပ်ရေးသမဝါယမ အသင်းလီမိတက်ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အလုပ်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
“လှ” ချည်မျှင်ထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်မှ ရက်ကန်းစက်ရုံတွင် ရက်ကန်းစင် ၃၅ စင် တပ်ဆင်လည်ပတ်ရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိ စင် ၂၀ လည်ပတ်လျက်ရှိပါကြောင်း၊ ရက်ကန်းစင် တစ်စင်သည် ၈ နာရီတစ်ဆိုင်းလျှင် ပိတ်ကိုက် ၈၀ ထွက်ရှိပြီး တစ်ရက်လျှင် ပိတ်အုပ်ကိုက် ၁၂၀ ထွက်ရှိပါကြောင်း၊ စက်ရုံမှ ကလေးအနှီးပိတ်များ၊ ဆေးရုံ ဆေးခန်းသုံး ပတ်တီးများ၊ စောင်၊ လုံချည်၊ အထက်ဆင်များကို ရက်လုပ်ကြောင်း သိရသည်။
ဝါကြိတ်စက်အတွက် စက်ရုံမှ တပ်ကုန်းမြို့နယ်၊ ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်တို့ရှိ ကျေးရွာ သမဝါယမအသင်းသား ဝါစိုက်တောင်သူများထံမှ ၂၀၂၅-၂၀၂၆ ဝါရာသီတွင် ဝါပိဿာချိန် ၁၀၅၀၀၀ ကို ပြင်ပပေါက်ဈေးထက် ဈေးပိုပေး၍ ဝယ်ယူပေးနိုင်ခဲ့ပြီး လာမည့် ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ပိဿာချိန် သုံးသိန်း ခန့်ဝယ်ယူရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ဝါကြိတ်ခွဲ၍ ထွက်ရှိလာသော ဝါစေ့များကိုလည်း ကြိတ်ခွဲ၍ ဆီထုတ်လုပ်နိုင်ရေးအတွက် ဆီကြိတ်စက် တပ်ဆင်လည်ပတ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာရှိ ဆီစက်ကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


