မကွေး ဧပြီ ၆
တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး တတိယနေ့ကို ဧပြီ ၆ ရက် နံနက် ၁၀ နာရီက မကွေးမြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးက တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့သဖြင့် အစည်းအဝေးကို အထမြောက်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် မကွေးမဲဆန္ဒနယ်အမှတ်(၂) ဦးတင်ကိုကိုအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် လွှတ်တော်သို့ တင်ပြအတည်ပြုချက် ရယူရာ လွှတ်တော်ကိုယ်စားလှယ်များက သဘောတူညီသည့်အတွက် မကွေးမဲဆန္ဒနယ် အမှတ် (၂) ဦးတင်ကိုကိုအား ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန် ပေးအပ်ကြောင်း အတည်ပြုပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးဌာန အရေအတွက်၊ ဝန်ကြီးဌာနအမည်၊ ဝန်ကြီးဦးရေစာရင်းနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာန ခုနစ်ခုအား လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ရယူသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုသော မကွေးတိုင်းဒေသကြီး လွှတ်တော်တရားသူကြီး ဦးရေနှင့်စပ်လျဉ်း၍ တရားသူကြီးဦးရေ သုံးဦး ရွေးချယ်ခန့်အပ်နိုင်ရေး လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူသည်။
ကိုရဲ(ပြန်/ဆက်)


