ဘားအံ ဧပြီ ၆

 

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ပိုင်းက ဘားအံမြို့ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက ကရင်ပြည်နယ်လွှတ်တော် (အချိုးကျ ကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁) ဘားအံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၂)နေရာ လစ်လပ်ကြောင်း ကြေညာပြီး ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ကြေညာကာ နိုင်ငံတော် ဒုတိယ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ ဒေါ်နန်းနီနီအေးနှင့် ဘားအံ - ကော့ကရိတ်-မြဝတီ(အာရှလမ်း) ပြန်လည်ဖွင့်လှစ်နိုင်ခြင်းနှင့် ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်ထံသို့ ပေးပို့ထားသည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို ဖတ်ကြား၍ ပြည်နယ်လွှတ်တော်တွင် မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ထိုနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်နိုင်ရန် ဦးစောမြင့်ဦး ဘားအံ မြို့နယ် လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁)အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အမည်စာရင်းပေးပို့ထားပြီး ယင်းအဆိုပြုချက် နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရယူရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးဌာနခုနစ်ခုနှင့် ဝန်ကြီးဦးရေခုနစ်ဦး သတ်မှတ်ထားရှိရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပေးပို့ထားသော အဆိုပြုချက်နှင့် စပ်လျဉ်း၍လည်းကောင်း၊ ကရင်ပြည်နယ်တွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် အပါအဝင် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးရေ သုံးဦးထားရှိရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ၏ အဆိုပြုချက်နှင့် စပ်လျဉ်း၍လည်းကောင်း ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ရယူရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်းနှင့် တတိယအကြိမ် ကရင်ပြည်နယ် လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဧပြီ ၇ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)