မုံရွာ ဧပြီ ၆

 

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ လွှတ်တော် အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က အစည်းအဝေး စတုတ္ထနေ့သို့ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးရေ ရာခိုင်နှုန်းပြည့် တက်ရောက်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကြောင်းကြေညာသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက တိုင်းဒေသကြီးဝန်ကြီး ဌာန ခုနစ်ခုနှင့် ဝန်ကြီးဦးရေ ခုနစ်ဦး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးဦးရေ သုံးဦး သတ်မှတ် နိုင်ရေးအတွက် အဆိုပြုခြင်းကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ခန့်အပ်နိုင်ရေးအတွက် ရွှေဘိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးကိုလေးအား အဆိုပြုခြင်းကို တိုင်း‌ဒေသကြီး လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

 

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမ‌နေ့ကို ဧပြီ ၇ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)