တောင်ကြီး ဧပြီ ၆
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က ပြည်နယ်လွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်ခြင်း ခံရသောသူက အဆိုပြုပေးပို့ထားသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရပ်စောက်မြို့နယ် ကိုယ်စားလှယ် အမှတ်(၂) ဦးစိုင်းထိန်စိုး၏ အမည်ကို ပြည်နယ်လွှတ်တော်သို့ တင်ပြပြီး အဆိုပြုထားသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၏ အမည်စာရင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးဌာန ပြည်နယ်ဝန်ကြီးဦးရေ သတ်မှတ်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၄၈ အရ နိုင်ငံတော် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသောသူက အဆိုပြုချက်နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့ တင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးဦးရေ သတ်မှတ်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၀၈ အရ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသောသူက အဆိုပြုချက်နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်သို့ တင်ပြပြီး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်သည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် အဆိုပြုထားသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရပ်စောက်မြို့နယ် ကိုယ်စားလှယ် အမှတ်(၂) ဦးစိုင်းထိန်စိုး၏ အမည်ကို ကန့်ကွက်သည့် ကိုယ်စားလှယ် အမည်စာရင်းပေးပို့လာခြင်း မရှိသည့်အတွက် လွှတ်တော်၏ အတည်ပြုချက်ရယူ အတည်ပြုသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးဌာန အရေအတွက်၊ ပြည်နယ်ဝန်ကြီးဦးရေ သတ်မှတ်နိုင်ရေးအတွက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ရပ်စောက်မြို့နယ် ကိုယ်စားလှယ် အမှတ်(၁) ဦးအောင်ကျော်ညွန့်နှင့် သီပေါမြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ဦးသီဟလှိုင်တို့က ဆွေးနွေးတင်ပြကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နောက်တစ်ကြိမ် ကျင်းပပြုလုပ်မည့် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် အဆုံးအဖြတ်ရယူမည်ဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်နယ်တရား လွှတ်တော်တရားသူကြီး လေးဦး ခန့်အပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် မရှိသည့်အတွက် လွှတ်တော်၏ အတည်ပြုချက်ရယူပြီး အစည်းဝေးကို ရပ်နားလိုက်သည်။
တတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဧပြီ ၇ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
စိုင်းအယ်ဘဲ


