မော်လမြိုင် ဧပြီ ၆
တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ မွန်ပြည်နယ် လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပဉ္စမနေ့စတင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူက ပေးပို့ထားသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးမည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၏ အမည်စာရင်းအား လွှတ်တော်သို့ တင်ပြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူက ပေးပို့ထားသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဗိုလ်မှူးချုပ် အောင်ဝင်းသန်းအား အဆိုပြုခြင်းကို ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူက ပေးပို့ထားသည့် မွန်ပြည်နယ်ဝန်ကြီးဌာန အရေအတွက်၊ ဝန်ကြီးဦးရေနှင့် မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ တရားသူကြီး ဦးရေတို့ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုပြီး အစည်းအဝေးကို ရပ်နားလိုက်သည်။
မွန်ပြည်နယ်လွှတ်တော် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဧပြီ ၇ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


