ရန်ကုန် ဧပြီ ၆

 

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က တတိယအကြိမ် ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့ အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး ပြည်ထောင်စုလွှတ်တော်နာယကထံမှ ပေးပို့လာသည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာအား ဖတ်ကြားတင်ပြကာ မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူက အဆိုပြုပေးပို့လာသည့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်သူ၏ အမည်စာရင်း၊ တိုင်းဒေသကြီးဝန်ကြီးဌာန အရေအတွက်နှင့် တိုင်းဒေသကြီး ဝန်ကြီးဦးရေ အရေအတွက်၊ တိုင်း ဒေသကြီးလွှတ်တော် တရားသူကြီးဦးရေ အရေအတွက် သတ်မှတ်နိုင်ရေး အဆိုပြုချက်ကို တိုင်းဒေသကြီး လွှတ်တော်သို့တင်ပြပြီး ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသူက အဆိုပြုပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ရယူကာ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်သူအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ကြေညာပြီး တိုင်းဒေသကြီးဝန်ကြီးဌာန ၁၀ ခု၊ တိုင်းဒေသကြီးဝန်ကြီး ၁၀ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော် တရားသူကြီးခြောက်ဦး သတ်မှတ် ချက်နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူအတည်ပြုခဲ့ ကြောင်း သိရသည်။

 

သတင်းစဉ်