မန္တလေး ဧပြီ ၆
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် အောင်မြေသာစံ မြို့နယ် ကိုယ်စားလှယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်အား အဆိုပြုခြင်းကို လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက အဆိုပြုထားသော မန္တလေးတိုင်းဒေသကြီး ဝန်ကြီးဌာန ရှစ်ခု၊ တိုင်းဒေသကြီးဝန်ကြီးဦးရေရှစ်ဦးနှင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် အပါအဝင် တိုင်းဒေသကြီးတရားလွှတ်တော် တရား သူကြီးများ ဦးရေ ခုနစ်ဦးသတ်မှတ်ခြင်းကို လွှတ်တော်သို့ တင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စား လှယ်များရှိပါက အမည်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ က ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် အောင်မြေ သာစံမြို့နယ် ကိုယ်စားလှယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးအောင်အား အဆိုပြုခြင်းကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးဌာန ရှစ်ခု၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးဦးရေ ရှစ်ဦးနှင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အပါအဝင် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးများ ခုနစ်ဦးသတ်မှတ်ခြင်းကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကော်မတီကို လွှတ်တော်၏ အတည်ပြုချက်ရယူပြီး ဖွဲ့စည်းသည်။
မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကို ဧပြီ ၇ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)


