မနီလာ  ဧပြီ  ၆

အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် နှစ်စဉ်ကျင်းပမြဲဖြစ်သော ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို  စတင်လိုက်ပြီဖြစ်ကြောင်း အင်န်အိတ်ချ်ကေ   သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုနှစ်တွင် ဂျပန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုလိုက်ပြီးနောက် ပထမဆုံးအကြိမ်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ Salaknib ဟု အမည်ပေးထားသော အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုဖွင့်ပွဲကို ဧပြီ ၆ ရက်က လူဇွန်ကျွန်း၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဩစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့အပါအဝင် နိုင်ငံငါးနိုင်ငံမှ တပ်ဖွဲ့ဝင် ၇၀၀၀ ခန့် ယခုပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်းလည်း  သိရသည်။  ဂျပန်ကိုယ်ပိုင်ကာကွယ်ရေး(ကြည်း)တပ်မှ တပ်ဖွဲ့ဝင် ၄၂၀ ခန့် ပူးပေါင်းပါဝင်သွားမည်ဖြစ်ပြီး အခြားသောတပ်ဖွဲ့များနှင့် ကွပ်ကဲရေး၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ထိန်းချုပ်ရေးအပြင်  ကျည်အစစ်ဖြင့်  ပစ်ခတ်လေ့ကျင့်မှုများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

ယခင်စစ်ရေးလေ့ကျင့်မှုတွင် ဂျပန်နိုင်ငံသည် လေ့လာသူအဖြစ်သာ ပါဝင်ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ်က တိုကျိုနှင့် မနီလာတို့အကြား စတင်အသက်ဝင်ခဲ့သော လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးတို့တွင် ယခုနှစ်မှစတင်ကာ စစ်ဘက်ရေးရာ ပူးပေါင်းဆောင်ရွက်မှုများ  လုပ်ဆောင်သွားနိုင်တော့မည်ဖြစ်သည်။                               

အင်န်အိတ်ချ်ကေ