တပ်မတော်စစ်ကြောင်းများက PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် သဖန်းဆိပ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အင်တိုင်းကျေးရွာတို့အား ပြန်လည်သိမ်းပိုက်ရရှိ၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက အဆိုပါဓာတ်အားပေးစက်ရုံနှင့် အင်တိုင်းကျေးရွာတို့အား မီးရှို့ဖျက်ဆီးပြီး ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့

 

နေပြည်တော် ဧပြီ ၆ 

 

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် လမ်းတံတားများ တည်ဆောက်ပေးခြင်း၊ ဆည်မြောင်းတာတမံများ တူးဖော်ပေးခြင်း၊ မီးမရရှိသည့်ဒေသများတွင် လျှပ်စစ်မီးများရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ကို ဘက်ပေါင်းစုံမှ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကိုရှေးရှု၍ အစိုးရအုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန်အတွက် ဌာနဆိုင်ရာအဆောက်အအုံများ၊ လမ်းတံတားများ၊ ဆည်မြောင်းတာတမံများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထု၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

 

ထိုသို့လုပ်ဆောင်လျက်ရှိရာ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ရေလှောင်တမံနှင့် ပတ်ဝန်းကျင်ကျေးရွာများအား ယာယီစိုးမိုးထားပြီး အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။ 

 

ထို့ကြောင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် သဖန်းဆိပ်ရေလှောင်တမံနှင့် ပတ်ဝန်းကျင်ကျေးရွာများအား ထိခိုက်ပျက်စီးမှုအနည်းဆုံးဖြင့် ပြန်လည်ရရှိရေးအတွက် လိုအပ်သည့်စုဖွဲ့မှုများအား စနစ်တကျဆောင်ရွက်ပြီး စစ်ကြောင်းများခွဲ၍ ပစ်ခတ်မှုနှင့် စစ်ကစားမှုကို ဟန်ချက်ညီညီ ပေါင်းစပ်ကာ တိုက်ပွဲဝင် အရာရှိစစ်သည်များ၏ စိတ်ဓာတ်တက်ကြွ၍ တိုက်လိုခိုက်လိုစိတ်ပြင်းပြမှု၊ မဆုတ်မနစ်သောဇွဲ၊ လုံ့လ၊ ဝီရိယရှိမှုတို့ဖြင့် အဆိုပါဆည်ကြီးရှိ အဆောက်အအုံများနှင့် စက်ပစ္စည်းကိရိယာများ ထိခိုက်ပျက်စီးမှုမရှိစေရေး ကန့်သတ်ချက်များကြားမှ ထိန်းထိန်းသိမ်းသိမ်းဖြင့် တိုက်စစ်ဆင်ချေမှုန်းခဲ့ရာ သဖန်းဆိပ်ရေလှောင်တမံအား မတ် ၂၈ ရက်တွင် လည်းကောင်း၊ အဆိုပါရေလှောင်တမံ၏ အနောက်ဘက် မီတာ ၅၀၀၀ ခန့်အကွာတွင် တည်ရှိသော အင်တိုင်းကျေးရွာအား ယနေ့ မွန်းလွဲပိုင်းတွင် လည်းကောင်း ပြန်လည်သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ  သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများသည် ထိခိုက်ကျဆုံးမှုများစွာဖြင့် ကစဉ့် ကလျား ဆုတ်ခွာထွက်ပြေးသွားကြသည်။ 

 

PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ဆုတ်ခွာထွက်ပြေးသွားစဉ် သဖန်းဆိပ်ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် စက်ရုံရှိ လျှပ်စစ်ဓာတ်အားပေး စက်ပစ္စည်းကိရိယာများ ပျက်ဆီးဆုံးရှုံးခဲ့ရသည်။ ထို့ပြင် အင်တိုင်းကျေးရွာအတွင်းရှိ အပြစ်မဲ့ဒေသခံပြည်သူများ၏ နေအိမ်များကို ဆက်လက်မီးရှို့ ဖျက်ဆီးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခြင်းနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြရသည်။     

 

အကြမ်းဖက်သောင်းကျန်းသူများက သဖန်းဆိပ်ရေလှောင်တမံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ယာယီစိုးမိုး ထိန်းချုပ်ခဲ့ပြီး အဆိုပါရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံအတွင်းရှိ တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်သွားခြင်း၊ ဖျက်ဆီးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ သဖန်းဆိပ်ရေလှောင်တမံသည် စိုက်ပျိုးမြေဧက ငါးသိန်းကျော်ကို အဓိကရေပေးဝေနေသော တမံတစ်ခုဖြစ်သည်။ ထို့ပြင် သဖန်းဆိပ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည်လည်း နိုင်ငံတော် ဓာတ်အားပေးစနစ်တွင် လျှပ်စစ်ပုံမှန် ပို့လွှတ်ပေးနေသော စက်ရုံတစ်ခုဖြစ်ပြီး အဆိုပါစက်ရုံအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်နိုင်မှုမှာလည်း ပျက်စီးဆုံးရှုံး၍ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု ထိခိုက်နစ်နာခဲ့ရသည်။ 

 

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် ဒေသတွင်းဖွံ့ဖြို့တိုးတက်မှုကို နှောင့်နှေးစေသည့် ယခုကဲ့သို့ စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော လျှပ်စစ်ဓာတ်အားပေးစက်ရုံအား မီးရှို့ဖျက်ဆီးခဲ့ကြသဖြင့် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပျက်စီးသွားသော လျှပ်စစ်ဓာတ်အားပေးစက်ရုံအား  ပြန်လည် လည်ပတ်နိုင်ရေး ပြင်ဆင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်