မြိတ် ၂၃ မတ်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လူမှုဝန်ထမ်းရုံးမှ ဆောင်ရွက်လျက်ရှိသော လူမှုရေးရာလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် မတ် ၂၃ ရက် နံနက်ပိုင်း၌ လူမှုရေးရာ အသိပညာပေး ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုစောင့်ရှောက်ရေးလုပ်ငန်း(ECCD)၊ အမျိုးသမီးအခွင့်အရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ သက်ကြီးရွယ်အိုဆိုင်ရာ အခွင့်အရေးများ၊ လူမှုကာကွယ်စောင့်ရှောက်ရေး (လူမှုရေးပင်စင်၊ MCCT)၊ ကလေးသူငယ်အခွင့်အရေးများနှင့် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုစနစ် စသည်တို့ကို ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်း ဦးဆောင်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲကို ခေတ္တမြိတ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက ဆွေးနွေးပွဲနှင့်ပတ်သက်၍ ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများနှင့် လူမှုရေးရာလုပ်ငန်းများကို အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


