တာရာ
နေပြည်တော် တပ်ကုန်းမြို့နယ် နွယ်ရစ်ကျေးရွာမှ တောင်သူဦးခင်မောင်က လယ်ဧက ၅၀၀ ကျော်၊ ယာဧက ၇၀၀ ကျော်ပိုင်ဆိုင်ပြီး ပဲစိုက်ရမည့်အချိန် ပဲ၊ နှမ်းစိုက်ရမည့်အချိန် နှမ်း၊ မိုးကြိုဆိုလျှင် စပါး စသဖြင့် တစ်နှစ်ကို သုံးသီးစိုက်ပျိုးနေသည့် တောင်သူတစ်ဦးဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို မိရိုးဖလာလုပ်ကိုင်ခဲ့သော်လည်း သွင်းအားစုများ ဈေးနှုန်းမြင့်တက်လာသည့် ယနေ့အချိန်တွင် စိမ်းစိုနေသည့် ပဲခင်းများ၊ ဝင်းမှည့်နေသည့် စပါးခင်းများကို ယခင်ကလို စိုက်ပျိုးနိုင်ရေးမှာ စိန်ခေါ်မှုအသွင်ဖြစ်လာသည်။
“အရင်က ယူရီးယားပုလဲဓာတ်မြေဩဇာ တစ်အိတ်ကို ငွေကျပ်တစ်သိန်းရှိရာက အခု တစ်သိန်းခွဲဖြစ်လာတယ်။ လောင်စာဆီဈေးနှုန်း မြင့်တက်လာတာကြောင့် သွင်းအားစုတွေဈေးတက်၊ ဓာတ်မြေဩဇာတွေဈေးတက်ဆိုတော့ တောင်သူ တွေ စိုက်ပျိုးဖို့ခက်ခဲကုန်ကြတယ်” ဟု ဦးခင်မောင်က ဆိုသည်။
သွင်းအားစုများ ဈေးနှုန်းမြင့်တက်မှု၊ လောင်စာဆီဈေးနှုန်းများကြောင့် သီးနှံထုတ်လုပ် မှုကုန်ကျစရိတ် သိသိသာသာတက်လာခြင်းက စိုက်ပျိုးရေးလုပ်ငန်းကို အကျိုးအမြတ်နည်းစေပြီး တောင်သူများ တစ်နှစ်သုံးသီး စိုက်ပျိုးထုတ်လုပ်ရန် တွန့်ဆုတ်လာကြသည်။
ထိုကဲ့သို့ အခက်အခဲများကို ကုစားနိုင်ရန် သွင်းအားစုများဖြစ်သည့် စိုက်ပျိုးရေရရှိရေးအတွက် စက်သုံးဆီသုံးစွဲမှုကိုလျှော့ချပြီး နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ရေတင်စနစ်ဖြင့် ရေပေးဝေနိုင်ရေးနှင့် ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချကာ သဘာဝမြေဩဇာအစားထိုးသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ သဘာဝမြေဩဇာသည် သက်ရှိသတ္တဝါနှင့်အပင်တို့၏ ရုပ်ကြွင်းများ၊ စွန့်ပစ်ပစ္စည်းများနှင့် ဘေးထွက်ပစ္စည်းများကို ဆွေးမြည့်စေပြီး အပင်များမှ လိုအပ်သည့်အာဟာရဓာတ်များ ရရှိရေး ပြုပြင်စီမံထားသော ပစ္စည်းများဖြစ်သည်။
သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ်သုံးစွဲ
ဓာတ်မြေဩဇာများ ဈေးနှုန်းမြင့်တက်နေချိန်တွင် သဘာဝမြေဩဇာကို ကိုယ်တိုင်ပြုလုပ် သုံးစွဲခြင်းဖြင့် ကုန်ကျစရိတ်သက်သာစေပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းစေသည်။ မြေဆီလွှာ ကျန်းမာရေးနှင့် ရေရှည်စိုက်ပျိုးရေးရှုထောင့်မှ ကြည့်မည်ဆိုပါကလည်း အားသာချက်များပြားသည့် နည်းလမ်းတစ်ခုဟု ဆိုရမည်ဖြစ်သည်။
သဘာဝမြေဩဇာကို သီးနှံပင်များ၊ ကောက်ရိုး၊ ဂျုံရိုး၊ ပဲရိုး၊ ပြောင်းဖူးရိုး၊ နှမ်းရိုး၊ ငှက်ပျောအူတိုင်၊ ပဲဖတ်ခွံ၊ မြေပဲခွံ၊ ဗေဒါ၊ ပေါင်းပင်များ၊ လွှစာမှုန့်များ၊ ကြက်ချေး၊ မြင်းချေး၊ ဝက်ချေး၊ နွားချေးကဲ့သို့ စွန့်ပစ်ပစ္စည်းများမှ ထုတ်ယူရရှိနိုင်သည်။ သီးနှံပင် အရိုး၊ အရွက်ခြောက်များကို ရှစ်လက်မမှ ၁၀ လက်မအထိ အလွှာလိုက်ဖြန့်ခင်းပြီး ဆွေးမြည့်စေရန် အကူပစ္စည်းအဖြစ် နုန်းမြေမှုန့်၊ နွားချေးနှင့် ပြာမှုန့်များကို ရေတွင် ပျစ်ပျစ်ဖျော်ပြီး ပက်ဖျန်းပေးရမည်။
ဒုတိယအလွှာတွင် စိမ်းစိုနေသည့် ပေါင်းမြက် များ၊ အရွက်များ၊ သစ်သီးပုပ်များ၊ အကိုင်း၊ အခက်၊ အရွက်များကို နုပ်နုပ်စဉ်းဖြန့်ခင်းပြီး တတိယ အလွှာတွင် နွားချေး၊ ဝက်ချေး၊ ကြက်ချေးများကို မြေကြီး၊ သစ်ဆွေးများနှင့်ရောနှော၍ အလွှာများကို တစ်ထပ်ပြီးတစ်ထပ် လိပ်ခုံးပုံသဏ္ဌာန်စုပုံ၍ လေဝင် လေထွက်ကောင်းမွန်စေရန် စီမံဆောင်ရွက်ရမည် ဖြစ်သည်။
မြေဆွေးပုံများကို မိုးရေများ စိမ့်မဝင်စေရန်နှင့် အပူဓာတ်ထိန်းသိမ်းပေးရန် ရွှံ့စေး၊ ပလတ်စတစ်တို့ဖြင့် ဖုံးအုပ်၊ အလယ်သားများဆွေးမြည့်လာပါက အပုံကို အထက်အောက်လှန်ပေး၊ ရေအနည်းငယ် ပက်ဖျန်းပေးပြီး အတွင်းသားများ ညိုမည်း၊ အနံ့ဆိုးများ ပျောက်သွားပါက သဘာဝမြေဩဇာအဖြစ် သုံးစွဲ နိုင်ပြီဖြစ်သည်။ သဘာဝမြေဩဇာအသုံးပြုခြင်းဖြင့် မြေဆီလွှာကောင်းမွန်စေရေး လိုအပ်သောသစ်ဆွေး ဓာတ်ကိုပေးနိုင်မည်။ မြေဆီလွှာအတွင်း အစိုဓာတ်ကို ပိုမိုထိန်းသိမ်းထားနိုင်ပြီး အပင်အတွက် လိုအပ်သည့် အာဟာရဓာတ်ကို ပေးနိုင်မည်ဖြစ်သည်။
ထို့ပြင် သဘာဝမြေဩဇာကို အသုံးပြုထား သောကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို မဖြစ်ပေါ် စေသလို ဓာတုကင်းစင်ပြီး ဘေးအန္တရာယ်ကင်းရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံများ ထုတ်လုပ်နိုင်ခြင်း၊ ဓာတ်မြေဩဇာဝယ်ယူရသည့် ကုန်ကျစရိတ်သက်သာစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်သည်။
စားရေရိက္ခာစိုက်ပျိုးထုတ်လုပ်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်
စိုက်ပျိုးမြေများတွင် မြေဆီလွှာများခန်းကုန်ပါက စိုက်ပျိုးထုတ်လုပ်မှုနှင့် သီးနှံများ၏ အရည်အသွေးများ လျော့ကျကုန်မည်ဖြစ်သည့်အတွက် မြေဆီလွှာသည် စားရေရိက္ခာစိုက်ပျိုး ထုတ်လုပ်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်သည်။
သဘာဝမြေဆွေးသည် ကာဗွန်နှင့် နိုက်ထရိုဂျင်ဓာတ်များကို အဓိကရရှိစေပြီး အချိန်ကြာမြင့်လာ သည်နှင့်အမျှ တဖြည်းဖြည်းပြိုကွဲ၍ အာဟာရဓာတ်များကို မြေဆီလွှာထဲ ထည့်ပေးနိုင်သည်။ အပင်များအတွက် အဓိကလိုအပ်သည့် ဖော့စဖောရပ်စ်နှင့် ပိုတက်စီယမ်ဓာတ်များလည်းပါဝင်ပြီး မြေဆီလွှာထဲရှိ အကျိုးပြုဗက်တီးရီးယား၊ မှို၊ အပင် များကြီးထွားဖွံ့ဖြိုးရန်နှင့် အစာချက်လုပ်ရန်အတွက် အရေးပါသည့် အာဟာရဓာတ်များကိုလည်း ပေးစွမ်းနိုင်မည်ဖြစ်သည်။
သဘာဝမြေဆွေးကို အသုံးပြုစိုက်ပျိုးထားသည့် သီးနှံများသည် အခြားသီးနှံများနှင့် နှိုင်းယှဉ်ပါက အာဟာရဓာတ်ပါဝင်မှုမြင့်မားပြီး အရသာပိုကောင်းနေသည်ကို တွေ့ရကြောင်း သုတေသနများက ဆိုကြသည်။
ထို့ကြောင့် သဘာဝမြေဆီမြေလွှာ၏ ဂုဏ်သတ္တိ အခြေအနေများကို ပြုပြင်ပြောင်းလဲပြီး ရေရှည်ကောင်းမွန်အောင် ထိန်းသိမ်းနိုင်စွမ်းရှိသည့် သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူပညာပေး သရုပ်ပြသမှုများကို ကျေးရွာအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြသည်။
“သဘာဝမြေဩဇာကို ကိုယ့်အိမ်မှာ တစ်ပိုင် တစ်နိုင် ပြုလုပ်သုံးစွဲမယ်ဆိုရင် သီးနှံတွေ အထွက်တိုးမယ်။ အပင်အားကောင်းမယ်။ ဓာတ်မြေဩဇာတွေ အသုံးပြုခဲ့တဲ့အတွက် ပျက်စီးခဲ့တဲ့ မြေဆီလွှာတွေ ပြန်လည်ကောင်းမွန်စေပြီး သီးနှံဖြစ်ထွန်းနိုင်အောင် ကူညီပေးနိုင်တဲ့ ပိုးမွှားတွေကို ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ ယာပဲဖြစ်ဖြစ်၊ လယ်ပဲဖြစ်ဖြစ် အသီးအားကောင်းသလို အပင်အားလည်းကောင်းမယ် ကျွန်တော်ကိုယ်တိုင်လည်း သုံးစွဲနေပြီး အကျိုးရှိထိရောက်တဲ့အတွက် သုံးစွဲကြဖို့ ပြောကြားလိုပါတယ်” ဟု ဇေယျာသီရိမြို့နယ် ကျည်တောင်အုပ်စု ခေါမကျေးရွာမှ တောင်သူဦးကြည်ထွန်းက ဆိုသည်။
စွန့်ပစ်ပစ္စည်းများ လိုအပ်ချက်ပြည့်မီအောင် ရရှိနိုင်ရေးမှာ အခက်အခဲအချို့ရှိ
လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းလာသည့် ယနေ့ခေတ်တွင် ကျွဲ၊ နွားမွေးမြူ ထုတ်လုပ်မှုများလည်း နည်းပါးလာရာ သဘာဝမြေဩဇာထုတ်လုပ်နိုင်ရန် စွန့်ပစ်ပစ္စည်းများ လိုအပ်ချက်ပြည့်မီအောင် ရရှိနိုင်ရေးမှာ အခက်အခဲအချို့ရှိနေနိုင်မည်ဖြစ်သည်။
သို့သော် သဘာဝမြေဩဇာ ထုတ်လုပ်စိုက်ပျိုး နေသည့် တောင်သူများလည်းရှိနေပြီး စက်မှု လယ်ယာစနစ်နှင့် သဘာဝမြေဩဇာထုတ်လုပ်မှုကို ဟန်ချက်ညီအောင် စီမံဆောင်ရွက်နိုင်မည်ဆိုပါက ရေရှည်တည်တံ့သော စိုက်ပျိုးရေးကိုဖော်ဆောင်ကာ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ထိုမှတစ်ဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ပါတည်း အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။


