နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အတွင်းရေးမှူး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

 

နေပြည်တော် ဧပြီ ၈

 

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုမြို့ရှိအမှတ် (၂) တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာ ယာရေးကော်မရှင် အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်ချီးမြှင့်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

 

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အတွင်းရေးမှူး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အခမ်းအနားကျင်းပပြုလုပ်မည့် အမှတ် (၂)တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်သို့ ရောက်ရှိကြရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြဝတီရုပ်မြင်သံကြားမှ ဝန်ထမ်းများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေး ညွှန်ကြားရေးမှူးရုံး၏ (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို စတင်ကျင်းပသည်။

 

အဆိုပါ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံး၏ (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများ၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံးတို့မှ တာဝန်ရှိသူများ၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်၊ ကျောင်းများမှ အရာရှိ၊ စစ်သည်၊ အစားခန့် ဝန်ထမ်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ မြဝတီတေးဂီတအဖွဲ့က “ကကပြည်ရဲ့ မြဝတီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ မှတ်တမ်းဗီဒီယိုကို ပြသသည်။

 

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် အတွင်းရေးမှူး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ကုန်လွန်ခဲ့သည့် နှစ်တစ်နှစ် သို့မဟုတ် ကျန်ရစ်ခဲ့သည့် ရက်စွဲတစ်ခုသည် နောင်လာမည့်ကာလများအတွက် သမိုင်းမှတ်တမ်းများပင် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ သမိုင်းကို ပြန်ကြည့်မည်ဆိုပါက တပ်မတော်၏ မှတ်တမ်း ပုံရိပ်များကိုလည်း ပူးတွဲတွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ ထို့အတူ တပ်မတော်၏ သမိုင်းကြောင်းနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာသည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ သမိုင်းကြောင်းကို ပြန်ကြည့်ပါက ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၁ ရက်တွင် “ပညာရေးဌာနစု” အဖြစ် စတင်ပေါ်ပေါက်ခဲ့သည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်း၊ ၁၉၅၆ ခုနှစ်၊  ဩဂုတ်လ ၃၁ ရက် တွင် “ပညာရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး”၊ ၁၉၉၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်တွင် “ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး” အဖြစ် ခေတ်ကာလနှင့် အညီ အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

 

ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တပ်ဖွဲ့အနေဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစ၍ မျက်မှောက်ကာလတိုင် ရှည်လျားသည့် သမိုင်းခရီးစဉ်တစ်လျှောက် နိုင်ငံတော်၏ ခရီးလမ်း အသွယ်သွယ်ကို အခြားလက်ရုံးတပ်များနည်းတူ ပါဝင်ဖြတ်ကျော်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊ သမိုင်းကပေးသည့် အတွေ့အကြုံများအရ လိုအပ်သည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ဆိုင်ရာ တပ်ဖွဲ့များကို အဆင့်ဆင့်ဖွင့်လှစ်ခဲ့ပြီး ပြည်သူ့ဆက်ဆံရေး၊ စိတ်ဓာတ်စစ်ဆင်ရေးနှင့် ပညာရေး တာဝန်များကို အတိတ်သမိုင်းမှစ၍ ယနေ့ထက်တိုင် ကြိုးပမ်းထမ်းရွက်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း။

 

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူရုံးအနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ လိုအပ်ချက်အရ ခေတ်ကာလတစ်လျှောက် မည်သို့ပင် အမည်နာမများ ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခဲ့သော်လည်း မူလရည်မှန်းချက် တာဝန်များဖြစ်သည့် ပြည်သူ့ဆက်ဆံရေး၊ စိတ်ဓာတ် စစ်ဆင်ရေး၊ စည်းရုံးရေး၊ ပညာပေးရေးဆိုသည့် လုပ်ငန်းတာဝန်လေးရပ်ကို ကျေပွန်စွာကြိုးစား အကောင်အထည်ဖော်ခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေး (Public Relations) နှင့် စိတ်ဓာတ်စစ်ဆင် ရေး (Psychological Warfare)ဆိုသည့် အသုံးအနှုန်းနှင့်ပတ်သက် ပြီး ပြောရမည်ဆိုပါက ပြည်သူ့ဆက်ဆံရေးဆိုသည်မှာ အဖွဲ့အစည်းတစ်ခုနှင့် လူထုအကြား အပြန်အလှန်အကျိုးရှိသည့် ဆက်ဆံရေးကို ထူထောင်ရသည့် ဆက်သွယ်ရေးမဟာဗျူဟာ လုပ်ငန်းစဉ် တစ်ရပ်ပင်ဖြစ်ကြောင်း၊ စိတ်ဓာတ်စစ်ဆင်ရေးဆိုသည်မှာ တပ်မတော် (ကြည်း၊ ရေ၊ လေ) အင်အားစုကြီး တစ်ခုလုံးကို စိတ်ဓာတ်နှင့် တည်ဆောက်ပြီး ပြည်သူကြားက မွေးဖွားလာသည့် တပ်မတော်နှင့် ပြည်သူကို တစ်သားတည်းဖြစ်စေသည်အထိ စွမ်းပကားကြီးမားကြောင်းကို တွေ့ရှိရမည်ဖြစ်ကြောင်း။

 

ယနေ့ ကမ္ဘာ့ဖြစ်စဉ်များကို လေ့လာကြည့်ပါက နိုင်ငံအသီးသီး ၏ ပညာရေးစနစ် အခြေခံခိုင်မာမှု ရှိ၊ မရှိ ဆိုသည်ကို စိန်ခေါ်မှုများစွာဖြင့် နေ့စဉ်ဆန်းစစ်နေသည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အတွက် ပညာပြည့်ဝသည့် လူသားအရင်းအမြစ်များ များစွာလိုအပ်သကဲ့သို့ နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးလုပ်ငန်းများ အတွက်လည်း ပညာပြည့်ဝသည့် တပ်မတော်သားအရင်းအမြစ်များ များစွာရှိနေရန် လိုအပ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း။

 

ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးနှင့် ကွပ်ကဲမှုအောက် ပညာရေးတပ်၊ ကျောင်းများ၏ အခန်းကဏ္ဍသည် အဓိကအရေးပါသည်ကို တွေ့မြင် ရမည်ဖြစ်ကြောင်း၊ သမိုင်းကို ပြန်ကြည့်ပါက ၁၉၅၄ ခုနှစ်၊ စက်တင်ဘာလတွင် တပ်မှူးများ ညီလာခံမှ စတင်အသက်ဝင်ခဲ့သည့် တပ်မတော်သားတိုင်း အရေး၊ အဖတ်၊ အတွက် “အ” သုံးလုံးကျေ ပညာရပ်များကို တတ်မြောက်ရမည်ဆိုသည့် မူဝါဒကို ထိုစဉ်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့အချိန်အခါတွင်လည်း တပ်မတော်ပညာရေးကျောင်းများကို ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးက တာဝန်ယူပြီး ဆက်လက်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း။

 

ထို့အပြင် နိုင်ငံတော်၏ ဒေသအနှံ့ တွင် ကျရာတာဝန်ကို ထမ်းဆောင်နေကြသည့် တပ်မတော်သားများ နှင့် မိသားစုဝင်များ၊ တိုက်ပွဲကျဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများ၏  သားသမီးများ၏ ပညာရည်မြင့်မားစေရန်အတွက် “တပ်မတော် ကလေးကျောင်း”များကို ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ၁၉၅၂ ခုနှစ်မှ စတင်ဖွင့်လှစ် ပညာသင်ကြားခဲ့ကြောင်း၊ ယနေ့အခါတွင် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် အခြေခံပညာ ကျောင်းများအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့ပြီး နိုင်ငံတော်၏ ပညာရည်မြင့်မားရေးကို အားဖြည့် ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့သည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း။

 

တပ်မတော်သည် နိုင်ငံတော်တည်ရှိနေသရွေ့ တည်ရှိနေရမည့် အခိုင်မာဆုံးသော အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ လက်တွဲပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်သွားရမည့် တပ်မတော်တစ်ရပ်အနေဖြင့် အသိပညာ၊ အတတ်ပညာများနှင့် ပြည့်စုံသည့် တပ်မတော်သား အရင်းအမြစ်ကောင်းများ စဉ်ဆက်မပြတ် ထွန်းကားရေးသည် အရေးကြီးဆုံး အချက်ပင် ဖြစ်ကြောင်း။

 

ထို့ကြောင့် လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစတင်၍ ပညာရေးနှင့် ပတ်သက်သည့် ကဏ္ဍသစ် တစ်ခုကို စတင်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အဆိုပါ ပညာရေး ကဏ္ဍသစ်မှာ တပ်မတော်တွင် စစ်မှုထမ်းဆောင်ဆဲ တပ်မတော်သား အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ၊ တပ်မတော်သား အငြိမ်းစား အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများနှင့် ကျဆုံး သွားကြသော တပ်မတော်သား အရာရှိ၊ စစ်သည်များ၏ သား၊ သမီး များ၏ ပညာရေးကို စဉ်ဆက် မပြတ် တာဝန်ယူစောင့်ရှောက်နိုင်ရန် တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်းများကို ရန်ကုန် နှင့် နေပြည်တော်တွင် စတင်ဖွင့်လှစ်ပြီး အခြေခံပညာအထက်တန်းအဆင့် ပညာရပ်များကို သင်ကြား ပေးသွားမည်ဖြစ်ကြောင်း။

 

ထိုသို့ဖွင့်လှစ် ဆောင်ရွက်ပေးခြင်းအားဖြင့် နိုင်ငံတော်ကာကွယ်ရေးအတွက် လူငယ်မျိုးဆက်သစ် ကောင်းများ စဉ်ဆက်မပြတ် ထွန်းကားလာမည့်အပြင် ပညာပြည့်ဝသည့် တပ်မတော်သား အရင်းအမြစ်ကောင်းများလည်း ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ အတန်းစဉ်ကူးပြောင်းမှု ကောင်းပြီး ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသည့် ကျောင်းသားများကို တပ်မတော်ဆိုင်ရာ တက္ကသိုလ်များနှင့် သိပ္ပံကျောင်းများ၊ တပ်မတော်ဆေးဘက်ဆိုင်ရာ ပညာသင်တန်းများ၊ ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး သင်တန်းများအထိ တပ်မတော်၏ ကူညီဖြည့်ဆည်းပေးမှုများနှင့်  ဆက်လက်တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ကို ပြောကြားလိုကြောင်း။

 

ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တပ်များသည် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် စာပေ၊ ဂီတ၊ မီဒီယာစသည့် သဘောသဘာဝအပေါ် အခြေခံပြီး ဖွဲ့စည်းထားသော တပ်ဖွဲ့များ ဖြစ်ခြင်းကြောင့် တပ်ဖွဲ့တွင်းစည်းလုံးညီညွတ်မှုရှိစေရေးသည် အရေးကြီးသည့် အချက်ပင်ဖြစ်ကြောင်း၊ ပေးအပ်လာသော တာဝန်အရပ်ရပ်အပေါ် တစ်ဦးတစ်ယောက်ကောင်းအားထက် စုပေါင်းအားကို အဓိက မဏ္ဍိုင်ပြုပြီး ကျေပွန်အောင် ထမ်းဆောင်သွားကြရန် လိုအပ်ကြောင်း။

 

စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး ပိုမိုရေရှည် တည်တံ့ခိုင်မာရေးအတွက် အဓိကအရေးပါသည့် ပြည်သူ့ဆက်ဆံရေးနှင့်  စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး နှင့် ကွပ်ကဲမှုအောက်တပ်များ အတွက် လိုအပ်သည့် အသွင်သဏ္ဌာန်ပိုင်းနှင့် အနှစ်သာရပိုင်းများကိုလည်း ပိုမိုခေတ်မီတိုးတက်အောင် ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့အတူလက်ရှိ နိုင်ငံတော် အစိုးရသစ် လက်ထက်တွင်လည်း ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့များ၏  စွမ်းပကားနှင့် နိုင်ငံ့အရေးအတွက် ဆက်လက်အားဖြည့် ကူညီကြိုးပမ်း ဆောင်ရွက်ပေးသွား ကြရန်လည်း အလေးအနက်ထား မှာကြားလိုကြောင်း။

 

ထို့ကြောင့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတပ်ဖွဲ့၏ လေးမြတ်သည့် ဂုဏ်ဒြပ်ကို ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ပြီး နိုင်ငံတော်နှင့် တပ်မတော်ကပေးအပ်သည့် တာဝန်များအပေါ် ကျေပွန်အောင် ကြိုးပမ်းထမ်းဆောင်ရင်း မိမိ၏ဂုဏ်၊ တပ်ဖွဲ့၏ဂုဏ်ကို မြှင့်တင်သွားကြရန် လိုကြောင်း ပြောကြားသည်။

 

ယင်းနောက် ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော်အဆင့် ပြည်တွင်းပြိုင်ပွဲများတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်၊ ကျောင်းများမှ ဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ရာ ၂၀၂၅ ခုနှစ် ပခုက္ကူ ဦးအုံးဖေ စာပေဆု ဝတ္ထုတိုပေါင်းချုပ် (ပထမ) ဆုရရှိသူ ဗိုလ်မှူးရာဇာအောင်၊ ၂၀၂၅ ခုနှစ် ပခုက္ကူ ဦးအုံးဖေစာပေဆု ကဗျာပေါင်းချုပ် (ဒုတိယ) ဆုရှိသူ ဒုတိယအရာခံဗိုလ်/စာရေး ဇော်မင်းထက်၊ ၂၀၂၄ ခုနှစ် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ် (ဒုတိယ) ဆုရရှိသူ ဗိုလ်မှူးကျော်ရဲသိန်းနှင့် ၂၀၂၄ ခုနှစ် စာပေဗိမာန်စာမူဆု နိုင်ငံရေးစာပေဆု (ဒုတိယ) ဆုရရှိသူဗိုလ်ကြီး အောင်မျိုးဝင်းတို့က ဆုများ အသီးသီးလက်ခံရယူကြသည်။

 

 

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးအပ်ချီးမြှင့်သည့် (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုချီးမြှင့် ငွေကျပ် ၇၉ သိန်းကို ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပေးအပ်ရာ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက လက်ခံရယူသည်။

 

ထို့နောက် ကော်မရှင် အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လက်ဆောင်ကို ဂါရဝပြု ပေးအပ်သည်။

 

ယင်းနောက် ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြဝတီတေးဂီတအဖွဲ့နှင့်အတူ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များမှ စစ်သည်၊ စစ်သမီးများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အနုပညာရှင်များ၊ ရုပ်ရှင်နှင့် သဘင်ဂီတအနုပညာရှင်များ ပူးပေါင်း၍ ဂုဏ်ပြုဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးသည်။

 

 

ဖျော်ဖြေတင်ဆက်မှုများ အပြီးတွင် ကော်မရှင်အဖွဲ့ဝင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးကျော်စွာလင်းက ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အနုပညာရှင်များနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ ကော်မရှင် အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ပြုပန်းခြင်းကိုလည်းကောင်း ချီးမြှင့်ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

အခမ်းအနားအပြီးတွင် ကော်မရှင် အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြဝတီရုပ်မြင်သံကြား ( နေပြည်တော်) ထုတ်လွှင့်ရေး စက်ရုံအတွင်းရှိ TV Studio အတွင်း Program ရိုက်ကူးမှုများ၊ Master Control Room အတွင်းရှိ စက်ပစ္စည်းများ၏ လုပ်ဆောင်ချက်များ၊ နေ့စဉ် ထုတ်လွှင့်လျက်ရှိသည့် သတင်းအစီအစဉ်များအား လက်တွေ့ ရိုက်ကူးမှုများနှင့် ရုပ်မြင်သံကြား အစီအစဉ်ထုတ်လွှင့်ခြင်းများကို လိုက်လံကြည့်ရှုကြပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ ကော်မရှင် အတွင်းရေးမှူး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များကို မေးမြန်းပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားသည်။

 

 

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (၇၉) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသည့် ပြခန်းများနှင့် လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံပြခန်းတို့ကို လှည့်လည်ကြည့်ရှု၍  ပြခန်းတာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် သိရှိလိုသည်များမေးမြန်းပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ထို့နောက် ကော်မရှင်အတွင်းရေးမှူး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အမှတ် (၂) တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များ၊ ဝန်ထမ်းများနှင့်အတူ နှစ်ပတ်လည် နေ့အထိမ်းအမှတ် နေ့လယ်စာကို အတူတကွသုံးဆောင်သည်။

 

ယင်းနောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ထားသည့် Signing Board တွင် မှတ်တမ်း တင်လက်မှတ်ရေးထိုးပြီး ပြန်လည်ထွက်ခွာရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက နှုတ်ဆက်ကြသည်။

 

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြား ရေးမှူးရုံးသည် ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁ ရက်တွင် မြန်မာ့ လွတ်လပ်ရေးသမိုင်းကြောင်းနှင့်အတူ ယှဉ်တွဲ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ခေတ်အဆက်ဆက် တပ်မတော်၏ သမိုင်းတစ်လျှောက်တွင် ပြည်သူ့ဆက်ဆံရေး၊ စိတ်ဓာတ်စစ်ဆင်ရေး၊ တပ်မတော်သားများအတွက် ပညာရေးနှင့် စည်းရုံးရေး လုပ်ငန်းများကို အောင်မြင်ကျေပွန်စွာ ထမ်းရွက်ခဲ့သကဲ့သို့ အနာဂတ် ကာလများတွင်လည်း နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်၍ တာဝန်များကို ဆက်လက် ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်