မင်းလှ ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ဦးဆောင်၍ စားအုန်းဆီ လက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသော အရောင်းဆိုင်များ၌ ရည်ညွှန်းဈေးနှုန်းနှင့်အညီ ရောင်းချရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
လမ်းညွှန်မှာကြား
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မိုးစန္ဒာနှင့် ဝန်ထမ်းများ၊ မြို့နယ် စားအုန်းဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့တို့က စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူများအား သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဗွီနိုင်းများချိတ်ဆွဲ ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/မရှိ၊ ဆီစာအုပ်များဖြင့် စနစ်တကျ ရောင်းချပေးရေးနှင့် ရရှိသော ဆီပိဿာချိန်ခွဲတမ်းများကို ပြည်သူများထံ အမှန်တစ်ကယ်ရောင်းချမှု ရှိ/မရှိ၊ ဘူးသွင်းဆီများ ဈေးနှုန်းမြှင့်တင်စွာရောင်းချမှု မရှိစေရေးတို့ကို စစ်ဆေးပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားသည်။
မင်းလှမြို့နယ်တွင် ဆီကိုယ်စားလှယ် ၁၂ ဦးက ပြည်သူများ ဝယ်ယူစားသုံးမှု အစဉ်ပြေစေရေးအတွက် အိမ်ထောင်စု အနည်း/အများအလိုက် ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပင်စင်စားများကိုလည်း ရည်ညွှန်းဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ(မင်းလှ)


