နေပြည်တော် ဧပြီ ၈
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ သို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရေ စုစုပေါင်း ၃၇၂ ဦး ရှိသည့် အနက် ယနေ့အစည်းအဝေးသို့ ၃၆၈ ဦး တက်ရောက်သဖြင့် တက်ရောက်မှု ရာခိုင်နှုန်း ၉၈ ဒသမ ၉၂ ရှိသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြု မှတ်တမ်းတင်သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန်အစည်း အဝေးကာလအတွင်း ဆောက် ရွက်ချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ် ၁၆ ရက်မှ စတင် ပြီး ယနေ့ပဉ္စမနေ့အထိ ကျင်းပခဲ့ ပါကြောင်း၊ ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကိုလည်း ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်နှင့် ၃၁ ရက်များတွင် ကျင်းပခဲ့ပါကြောင်း၊ တတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန်အစည်း အဝေးကာလအတွင်း ဆောင်ရွက်ချက်များအနေဖြင့် လွှတ်တော်အစည်းအဝေး ပထမနေ့တွင် သဘာပတိ တင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင် မြှောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ လွှတ်တော်အစည်း အဝေးဒုတိယနေ့၊ တတိယနေ့နှင့် စတုတ္ထနေ့များတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ နှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ ငွေစာရင်းကော်မတီ၊ လွှတ်တော် အခွင့်အရေးကော်မတီနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီတို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး ကော်မတီအလိုက် လုပ်ငန်း တာဝန်များကို ဆောင်ရွက်နေကြပြီဖြစ်ကြောင်း။
ပြည်သူ့လွှတ်တော် လွှတ်တော် အခွင့်အရေးကော်မတီ ဖွဲ့စည်းပြီးသည့်နေ့တွင် ၂၀၁၂ ခုနှစ် ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၈၊ ပုဒ်မခွဲ(ခ)အရ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များကို လွှတ်တော်အခွင့်အရေး ကော်မတီက ဆက်လက်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခဲ့ကြောင်း။
ထို့ပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင် မြှောက်ခြင်းခံရသည့် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌထံမှ မတ် ၁၇ ရက်တွင် ပေးပို့သော ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ၊ ဘယ်လာရုစ်သမ္မတ နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌထံမှ မတ် ၁၇ ရက်တွင် ပေးပို့သော ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ၊ ရုရှားဖက်ဒရေးရှင်း နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ ထံမှ မတ် ၁၉ ရက်တွင် ပေးပို့သော ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ၊ တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ နိုင်ငံတကာ ရေးရာဌာနဝန်ကြီးထံမှ မတ် ၂၃ ရက်တွင် ပေးပို့သော ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌထံမှ မတ် ၂၃ ရက်တွင် ပေးပို့လာသော ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို လွှတ်တော်က မှတ်တမ်းတင်ခြင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
ရွေးကောက်ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတတစ်ဦး ကို ရွေးချယ်တင်မြှောက်ခဲ့ပြီး အမည်စာရင်းအား ပြည်ထောင်စု လွှတ်တော်နာယကထံသို့ ပေးပို့တင်ပြခဲ့ရာ ယခုဆိုလျှင် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ် တင်မြှောက်ခဲ့သည့် ဒုတိယသမ္မတသည် နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်တင် မြှောက်ခြင်းခံထားရသူအနေဖြင့် တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ပြောကြားလိုပါကြောင်း၊ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကာလအတွင်း လွှတ်တော်အစည်းအဝေးသို့ လေ့လာသူအဖြစ် နိုင်ငံရေး ပါတီများမှ လာရောက်လေ့လာသူ ၂၁ ဦး၊ ပြည်သူလူထုလေ့လာ သူ ငါးဦး လာရောက်လေ့လာခဲ့ကြပါကြောင်း။
မတ်လ ၁၆ ရက်က စပြီး ဧပြီ ၈ ရက်အထိ နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန်အစည်း အဝေးနှင့် ရွေးကောက်ခံပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးများတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များ နှင့်အညီ ရွေးကောက်တင်မြှောက် ခြင်းအပိုင်းနှင့်စပ်လျဉ်း၍ ချမှတ် ခဲ့သည့် ဆုံးဖြတ်ချက်များမှာ သဘာပတိ တင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ရွေးကောက် တင်မြှောက်ခြင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရွေးကောက် တင်မြှောက်ခြင်း၊ နိုင်ငံတော်သမ္မတ အရည်အချင်း စိစစ်ရေးအဖွဲ့တွင် ပါဝင်မည့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ခြင်းနှင့် ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း။
အတည်ပြုခြင်း အပိုင်းနှင့် စပ်လျဉ်း၍ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များမှာ ဥပဒေကြမ်း ကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးများနှင့် စပ်လျဉ်း၍ တင်ပြချက်ကို အတည်ပြုခြင်း၊ ပြည်သူ့ငွေစာရင်း ကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်း အဝေးများနှင့်စပ်လျဉ်း၍ တင်ပြ ချက်ကို အတည်ပြုခြင်း၊ လွှတ်တော်အခွင့်အရေး ကော်မတီ ဖွဲ့စည်းခြင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးများနှင့် စပ်လျဉ်း၍ တင်ပြချက်ကိုအတည် ပြုခြင်းနှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးများနှင့် စပ်လျဉ်း၍ တင်ပြချက်ကိုအတည် ပြုခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း။
ဖွဲ့စည်းခြင်းအပိုင်းနှင့် စပ်လျဉ်း၍ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များအနေဖြင့် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော်အခွင့်အရေး ကော်မတီ နှင့် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဖွဲ့စည်းခြင်းတို့ ဖြစ်ပါကြောင်း။
မှတ်တမ်းတင်ခြင်း အပိုင်းနှင့် စပ်လျဉ်း၍ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များအနေဖြင့် တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမ ပုံမှန်အစည်းအဝေး ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမနေ့ အစည်းအဝေးများ တက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌထံသို့ ပေးပို့လာ သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ(၅)ခုကို မှတ်တမ်းတင် ခြင်း၊ ရွေးကောက်ခံပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေး ပထမနေ့နှင့် ဒုတိယနေ့အစည်းအဝေးများ တက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း၊ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမ ပုံမှန်အစည်းအဝေးကာလနှင့် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေး ကျင်းပသည့်ရက် အတွင်း ဆောင်ရွက်ခဲ့သည့် ဖော်ပြပါ ဆောင်ရွက်ချက်များနှင့် ဆုံးဖြတ်ချက်များအား မှတ်တမ်း တင်ထားရှိပြီး ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်အမှာ စကား ပြောကြားရာတွင် တတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂ဝ၂၆ ခုနှစ်၊ မတ် ၁၆ ရက်တွင် စတင်ခဲ့ပြီး ယနေ့ ဧပြီ ၈ ရက်တွင် ပြီးဆုံးမည်ဖြစ်ပါ ကြောင်း၊ လွှတ်တော်ဆိုသည်မှာ ပြည်သူကို ကိုယ်စားပြုခွင့်ရသည့် နေရာတစ်ခု ဖြစ်ပါကြောင်း၊ လွှတ်တော် အဆောက်အအုံထဲတွင် “ပြည်သူ့အသံလွှတ်တော် အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုသည့် ဆောင်ပုဒ်များကို နေရာ အနှံ့အပြားတွင် တွေ့မြင်ရမည် ဖြစ်ပါကြောင်း။
လွှတ်တော်၏ လုပ်ငန်းတာဝန်များကို ကြည့်မည်ဆိုပါက လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်းနှင့် သမ္မတ၊ ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်း၊ ပြည်သူ လူထုကိုကိုယ်စားပြုခြင်း၊ ဥပဒေပြုခြင်း၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးဆိုင်ရာ အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို အပြန်အလှန်ထိန်းညှိခြင်းများကို တွေ့ရမည်ဖြစ်ပါကြောင်း။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်း အဝေးကာလအတွင်းတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ကို မဲပေးရွေးချယ် တင်မြှောက် ပေးလိုက်သည့် ပြည်သူများ၏ကိုယ်စား ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများကို ရွေးချယ်တင်မြှောက် အတည်ပြု ဆောင်ရွက်နေကြပြီ ဖြစ်သည့်အတွက် လွှတ်တော်၏ အဓိကတာဝန်များကို အချိန်တိုအတွင်း အထိုက်အလျောက် ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုဆောင် ရွက်ချက်များအတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူများ အားလုံးကို ပြည်သူ့လွှတ်တော်က ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူမှတ်တမ်းပြုအပ်ပါကြောင်း။
မကြာမီ လွှတ်တော်ကို ခေတ္တရပ်နားမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ရပ်နားနေစဉ် ကာလအတွင်း ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်သည်နှင့်အညီ ရောက်ရှိရာ နေရာဒေသတိုင်းတွင် ပြည်သူ့ အသံကိုနားထောင်ခြင်း၊ ပြည်သူ့ အကျိုးကို ဆောင်ရွက်ခြင်း၊ အမျိုးသား အကျိုးစီးပွားကို အလေးအနက်ထားပြီး ပါတီစုံ ဒီမိုကရေစီစနစ်ကို အကောင် အထည်ဖော်နိုင်မည့် ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်စေရန်၊ ပါတီစုံဒီမိုကရေစီ စနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင် ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် ပြည်သူကို ထာဝရကိုယ်စားပြုနိုင် ရန် အထူးအလေးထား ကြိုးစား ဆောင်ရွက် သွားကြစေလိုပါကြောင်း။
ထို့ပြင် ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ခိုင်မာစေမည့် လုပ်ငန်း တာဝန်များကိုလည်း စိတ်ကောင်း စေတနာမှန်နှင့် ဆတက်ထမ်းပိုး ထမ်းဆောင်ကြရန် လိုပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်များ သည် နိုင်ငံတော်၏ အဓိကကျသော မဏ္ဍိုင်ကြီးတစ်ခုဖြစ်သည့် ဥပဒေပြုမဏ္ဍိုင်တွင် ပါဝင် ဆောင်ရွက်နေကြသူများ ဖြစ် သည့်အတွက် မိမိတို့ဆောင်ရွက် ရမည့် လုပ်ငန်းတာဝန်လုပ်ပိုင်ခွင့်များကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ကိုက်ညီအောင် ကြိုးပမ်းပြီး တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ရန် ဥပဒေရေးရာ ကိစ္စများကို အားလပ်ချိန်များတွင် လေ့လာထားရမည်ဖြစ်ပါကြောင်း။
ကိုယ်စားလှယ်ကြီးများအနေ ဖြင့် ပြည်သူက ရွေးချယ်တင်မြှောက် လိုက်သည့် ပြည်သူ့ကိုယ်စားလှယ် များဖြစ်သည့်အတွက် မိမိ ကိုယ်စားပြုသည့် မဲဆန္ဒနယ်မြေ နှင့် မိမိကိုယ်စားပြုရာ မဲဆန္ဒ နယ်မြေအတွင်းတွင်ရှိသည့် နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံ တစ်ဝန်းလုံးတွင်ရှိသည့် အရေးကိစ္စများကို အမြော်အမြင်ရှိစွာဖြင့် ဥပဒေနှင့်အညီ အလေးထား ကြိုးပမ်းဆောင်ရွက်ကြပြီး ပြည်သူများ၏ လိုလားချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည့် မေတ္တာရှင် သူရဲကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားနိုင်ကြရန် ယုံကြည်မျှော်လင့်လျက်ရှိပါကြောင်း။
မကြာမီ ကျရောက်မည့် ၁၃၈၈ ခုနှစ် မြန်မာ့နှစ်သစ်ကူးအခါ သမယတွင် ပျော်ရွှင်ကျန်းမာစွာ ဖြတ်သန်း နိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သရင်းဖြင့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ကျန်းမာရွှင်လန်းစွာဖြင့် ကိုယ်စားလှယ်များအားလုံးကို ပြန်လည်ဆုံတွေ့ကြပါစို့ဟု ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်း အဝေး ပဉ္စမနေ့ကို ရပ်နားကြောင်း နှင့် တတိယအကြိမ် ပြည်သူ့ လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကျင်းပပြီးစီးကြောင်း လွှတ်တော်သို့ အသိပေးကြေညာ ပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။
သတင်းစဉ်


