မန္တလေး ၂၃ မတ်

မန္တလေး နိုင်ငံတကာကုန်စည်ပြပွဲနှင့် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲ (၂၀၁၉) (Mandalay International Trade Fair & Business Forum 2019) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မန္တလေးမြို့ရှိ Mandalay Convention Center (MCC) ၌ ကျင်းပသည်။

ရှေးဦးစွာ တိုင်းရင်းသား တိုင်းရင်းသူများက MRCCI Theme Song နှင့် တိုင်းရင်းသားရိုးရာ သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြတ်သူ၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဂုဏ်ထူးဆောင် နာယက ဦအောင်ဝင်းခိုင်၊  ဥက္ကဋ္ဌ ဦးကျော်မင်းနှင့် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းမှ ဒေါ်သင်းသင်းကျော်တို့က ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

mdn

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ယနေ့ပွဲ၏ ရည်ရွယ်ချက်အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအားလုံး စီးပွားရေးနှင့် ပတ်သက်သော အခွင့်အရေးများ ရရှိအောင် ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ရရှိလာသော စီးပွားရေးအခွင့်အလမ်းများအပေါ် ရင်းနှီးမြှုပ်နှံမှု တိုးပွားလာစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများပိုမိုရရှိ လာစေရေးနှင့် Mandalay International Trade Fair & Business Forum 2019 ကို တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် မန္တလေးမြို့တော်တွင် ကျင်းပနိုင်ခြင်းအားဖြင့် နိုင်ငံတော်၏ တည်ငြိမ်မှုနှင့် အေးချမ်းမှုအား ပြယုဂ်တစ်ခုအနေဖြင့် နိုင်ငံတကာမှ သိမြင်လာစေရန် ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲသည် မန္တလေးတိုင်းဒေသကြီး၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တစ်ခေတ်ဆန်းသစ် စေမည်သာမက မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုတွင် အထက်ကရမှတ်ကျောက်တစ်ခု တင်နိုင်မည်ဟု မျှော်လင့်မိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြသည့် ယနေ့အချိန်အခါတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဦးဆောင်သည့် အဖွဲ့အစည်း အသီးသီးက ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် အချိန်တိုအတွင်း ယခုကဲ့သို့ အခြေအနေမျိုး ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးနှင့် ချိတ်ဆက်၍ ပြည်သူများနှင့် တိုက်ရိုက်ပူးပေါင်း ညှိနှိုင်းဆောင်ရွက်၍ လက်တွေ့ကျကျ အောင်မြင်နိုင်သော လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

mdn

 

ဆက်လက်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းတို့က အမှာစကား ပြောကြားကြသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် ပတ်သက်၍ Mandalay Vision 2030 ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြသည်။

 

mdn

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက Mandalay Beyond Horizon ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ မေးမြန်းချက်များအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါ Mandalay International Trade Fair & Business Forum 2019 ကို မတ် ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်း/ပြည်ပမှ လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ၊ ဆောက်လုပ်ရေးဆိုင်ရာ ပစ္စည်းများ စသည်ဖြင့် အမျိုးအစားစုံလင်စွာဖြင့် ပြခန်းပေါင်း ၂၆၉ ခန်း ပါဝင်ပြသထားသည်။ ထို့ပြင် ဆွေးနွေးပွဲများ၊ Business Matching များလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

မင်းထက်အောင် (မန်းကိုယ်ပွား)