မကွေး ဧပြီ ၈

 

မကွေးတိုင်းဒေသကြီးအတွင်း စားအုန်းဆီများအား ရုံးပိတ်ရက်ရှည်(သင်္ကြန်ကာလ)အတွင်း ခရိုင်/မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ စားသုံးသူပြည်သူများလက်ဝယ်သို့ အပြည့်အဝရောက်ရှိစေရန်နှင့် သတ်မှတ်ရည်ညွှန်းဈေးများအတိုင်း ရောင်းချစေရေး မကွေးတိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်များတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချခြင်း ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရဲမျိုးလွင် ဦးဆောင်၍ ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့နယ်၊ မင်းဘူးမြို့နယ်တို့တွင် သက်ဆိုင်ရာတိုင်းဒေသကြီး/ခရိုင်/ မြို့နယ် အဖွဲ့ဝင်များဖြစ်သည့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ဗဟိုစာရင်းအင်းအဖွဲ့တို့ဖြင့် ကွင်းဆင်းစစ်ဆေးကြသည်။

 

ထိုသို့စစ်ဆေးရာတွင် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ကာလအတွင်း အလှူအတန်းများသည့်အတွက် စားအုန်းဆီများ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ထုတ်လုပ်သည့်လုပ်ငန်းများ တွင်ကျယ်လာသည့်အပေါ်တွင် မကွေးတိုင်းဒေသကြီး စက်မှုလုပ်ငန်းသုံးဆီများ ထုတ်ယူရရှိသည့် လုပ်ငန်းများတွင် အမှန်တကယ်သုံးစွဲမှု ရှိ/မရှိတို့ကို စစ်ဆေးလျက်ရှိသည့်အပြင် ပခုက္ကူခရိုင်၊ သရက်ခရိုင်အတွင်းရှိ မြို့နယ်များ၊ ချောက်ခရိုင်အတွင်းရှိ ချောက်၊ ရေနံချောင်းမြို့နယ်များနှင့် မကွေးခရိုင်အတွင်းရှိ တောင်တွင်းကြီး၊ နတ်မောက်၊ မြို့သစ်မြို့နယ်များနှင့် မကွေးမြို့ပေါ်တို့တွင် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သုံးဖွဲ့ခွဲ၍ ဧပြီ ၂ ရက်မှ စတင်ပြီး နေ့စဉ်ကွင်းဆင်းကြီးကြပ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)