နေပြည်တော် ဧပြီ ၈

 

တတိယအကြိမ် အမျိုးသား လွှတ်တော် ပထမပုံမှန်အစည်း အဝေးစတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးအောင် လင်းဒွေးက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးရေ စုစုပေါင်း ၂၁၃ ဦးရှိသည့် အနက် ယနေ့အစည်းအဝေးသို့ ၂၁၁ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေး အထမြောက် ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေး တက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက် ရယူ၍ မှတ်တမ်းတင်သည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်အမျိုးသား ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ မစ္စတာကျောင်းလီကျဲ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အထက် လွှတ်တော်ဥက္ကဋ္ဌ မစ္စဗယ်လင် တီနာ မက်ဗီယန်ကို၊ ဘယ်လာရုစ် သမ္မတနိုင်ငံ အမျိုးသားလွှတ်တော် ကောင်စီ (အထက်လွှတ်တော်)ဥက္ကဋ္ဌ မစ္စနာတာလီယာ ကိုချာနိုဗာ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်တို့က ပေးပို့လာသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခြင်းခံရသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို လွှတ်တော်သို့ တင်ပြပြီး မှတ်တမ်းတင်သည်။

 

ယင်းနောက် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပြီးဆုံးပြီဖြစ်ကြောင်း၊ တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ် ၁၈ ရက်မှ ဧပြီ ၈ ရက်အထိ ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးပထမနေ့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထဲမှ သဘာပတိ အဖြစ် တင်မြှောက်ခြင်းနှင့် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးကောက် တင်မြှောက်ခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း။

 

ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးက ကရင် ပြည်နယ်လွှတ်တော် (အချိုးကျ ကိုယ်စားပြုစနစ်) မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်နန်းနီနီအေးကို ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်နိုင်ခဲ့ကြောင်း၊ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌ အနေဖြင့် ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၂၄ နှင့် ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ တို့အရ ဥပဒေကြမ်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော်အခွင့်အရေး ကော်မတီ၊ အစိုးရ၏အာမခံချက် များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီများကို ဖွဲ့စည်းနိုင်ရေးအတွက် ယင်းကော်မတီ တစ်ခုချင်းစီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်အဖြစ် ပါဝင်သင့်သည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း၊ ယင်းကော်မတီများအလိုက် တာဝန်ယူဆောင်ရွက် မည့် ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်သို့တင်ပြ၍ အတည်ပြု ချက်ရယူပြီး ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း။

 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ဘယ်လာရုစ် သမ္မတနိုင်ငံ စသည့်နိုင်ငံများက အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး တို့ထံမှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့လာခြင်းကို လွှတ်တော်သို့တင်ပြခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း။

 

မိမိတို့လွှတ်တော်သည် ဥပဒေ ပြုရေးအာဏာ ပိုင်ဆိုင်ထားသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ရရှိထားသည့် ဥပဒေပြုရေးအာဏာကို အသုံးပြုကာ ပြည်သူများ ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး ဖြစ်ပေါ်ရေးအတွက် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အမျိုးသားရင်ကြားစေ့ရေး တို့ကို ဖော်ဆောင်ပေးမည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးသည် လွှတ်တော်ကိုယ်စားလှယ်များ၏ အဓိကတာဝန်ဖြစ်ကြောင်း၊ ထို့ပြင် အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေး ကဏ္ဍများ၏ လုပ်ငန်းများကိုလည်း နှံ့နှံ့စပ်စပ်လေ့လာသိရှိ ထားရန်လိုအပ်ကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍ၊ တရားစီရင်ရေးကဏ္ဍများအပေါ်တွင် မိမိတို့လွှတ်တော် ကိုယ်စားလှယ်များ၏ ပြောဆိုပြုမူ ဆောင်ရွက်ချက်များသည် မလျော် ဩဇာသုံးသည့် သဘောမျိုး မသက်ရောက်စေရန် သတိကြီးစွာ ထားရန် လိုအပ်သည်ကို မှာကြား လိုကြောင်း။

 

ဒီမိုကရေစီစနစ် ဆိုသည်မှာ ပြည်သူကအုပ်ချုပ်သည့် စနစ်ဟု ပြောနိုင်ကြောင်း၊ နိုင်ငံသားများ အားလုံး လွှတ်တော်ထဲတွင် လာရောက်မထိုင်နိုင်သည့်အတွက် ၎င်းတို့၏ကိုယ်စား ရွေးချယ် တင်မြှောက် စေလွှတ်သည်ဟု ဆိုနိုင်ကြောင်း၊ ထို့ကြောင့် လွှတ်တော် ကိုယ်စားလှယ်များ သည် ပြည်သူက ပေးအပ်စေခိုင်းသည်များကို တာဝန်ဟုခံယူပြီး ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ ပြည်သူများ ခံစားတွေ့ကြုံနေရသည့် အခက်အခဲများကို ပြည်သူနှင့်ထပ်တူခံစားပြီး ပြည်သူ့အကျိုးအတွက် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း။

 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အတူ အမျိုးသား လွှတ်တော်ထဲကို ရောက်ရှိလာကြ သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အားလုံးသည် ယခုဆိုလျှင် တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေကြသူများဖြစ်ကြကြောင်း၊ ဖြတ်သန်းလာကြသည့် နယ်ပယ်အသီးသီးသည် မတူညီကြသော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်း စေမည့် ဥပဒေများကို ပြဋ္ဌာန်းမည်၊ မေးခွန်းများ၊ အဆိုများကိုမေးမြန်း တင်သွင်းကြမည်ဆိုသည့် ရည်မှန်းချက်ချင်း တူညီကြပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ အကြား ဥပဒေပြုရေး၊ မေးခွန်းများ၊ အဆိုများဆွေးနွေးရေးများ နှင့်ပတ်သက်ပြီး အမြင်မတူသည်များ၊ သဘောထားကွဲလွဲသည်များ ရှိနေမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ရှေးရှုညှိနှိုင်းပြီး ဆွေးနွေး အဖြေရှာသွားကြရမည် ဖြစ်ကြောင်း။

 

လွှတ်တော် ကိုယ်စားလှယ်သည် သက်ဆိုင်ရာနိုင်ငံရေးပါတီများ ရှိကြသော်လည်း ပြည်သူ လူထုက ရွေးကောက်တင်မြှောက် လိုက်သည့် ပြည်သူ့ကိုယ်စားလှယ် များဖြစ်သည်ဆိုသည့် ခံယူချက်ထားရှိပြီး အပြန်အလှန်လေးစားမှုဖြင့် ညှိနှိုင်းတိုင်ပင်ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားများကို ကိုယ်စားပြုသည့် လွှတ်တော်ဖြစ်သည်နှင့် အညီ ပြည်ထောင်စုစိတ်ဓာတ် အရင်းခံဖြင့် ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း။

 

နိဂုံးချုပ်အနေဖြင့် လွှတ်တော် အစည်းအဝေး ရပ်နားထားစဉ်တွင် ဒေသခံပြည်သူများ ပေးအပ် မည့်တာဝန်များကို အကောင်အထည် ဖော်ဆောင်ပေးနိုင်ရန်အတွက် ပြည်သူများ၏အသံကို နားထောင်ပြီး ပြည်သူများ၏ နေ့စဉ်ဘဝများကို ထိတွေ့ကာ ပြည်သူ့ဘဝ၊ ပြည်သူ့ဆန္ဒများကို လွှတ်တော်ထဲအထိရောက်အောင် သယ်ဆောင်၍ မေးခွန်းများ၊ အဆိုများ၊ ဥပဒေကြမ်းများ တင်သွင်းနိုင်အောင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းလိုကြောင်း။

 

ပြည်သူ့ အကျိုးစီးပွားကို မြင့်မြင့်မားမားဖော်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နိုင် ကြလိမ့်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံသားအားလုံး ငြိမ်းချမ်း သာယာဝပြောပြီး ဒီမိုကရေစီ အောင်ပန်းကို ဆွတ်လှမ်းနိုင်ရေးအတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ဆက်လက် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း တိုက်တွန်း ပြောကြားရင်း လွှတ်တော် ကိုယ်စားလှယ်များ အားလုံး မိမိတို့သက်ဆိုင်ရာ ဒေသအသီးသီးသို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပြန်လည် ရောက်ရှိပါစေဟု ဆုမွန်ကောင်း တောင်းအပ်ကြောင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားကြောင်းနှင့် တတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာသည်။

 

သတင်းစဉ်