ဂျီနီဗာ ဧပြီ  ၈

မတ် ၂၈ ရက်မှစတင်၍ မြေထဲပင်လယ်၌ ဖြစ်ပွားခဲ့သည့်  သင်္ဘောတိမ်းမှောက်မှုများကြောင့်  လူပေါင်း  ၁၈၀ ကျော်  သေဆုံး  သို့မဟုတ်  ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့အစည်း (အိုင်အိုအမ်)က  ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း   မြေထဲပင်လယ်၌   သေဆုံး သို့မဟုတ်   ပျောက်ဆုံးသွားသူ   လူပေါင်း   ၁၀၀၀ နီးပါးရှိလာခဲ့သည်ဟု   အဆိုပါအဖွဲ့အစည်းက ပြောကြားပြီး   မကြာသေးမီက   ဖြစ်ပွားခဲ့သည့်   မတော်တဆဖြစ်ရပ်များကြောင့် လူသေဆုံးမှုအများအပြား ဖြစ်ပေါ်ခဲ့ရသည်ဟု သိရသည်။

ဧပြီ ၅ ရက်က လူပေါင်း ၁၂၀ ကို တင်ဆောင်လာခဲ့သည့်   သင်္ဘောတစ်စင်းမှာ  လစ်ဗျားနိုင်ငံ တာ့ဂျိုအာမြို့မှ ထွက်ခွာလာပြီးနောက်   တိမ်းမှောက် မှုဖြစ်ပွားခဲ့ပြီး  လူပေါင်း  ၈၀   ကျော် ပျောက်ဆုံးခဲ့သည်။ အသက်ရှင်ကျန်ရစ်သူများ၏ ပြောကြားချက်အရ အဆိုပါသင်္ဘောသည် လစ်ဗျားနိုင်ငံ ဇူအာရာမြို့မှ ထွက်ခွာလာခြင်းဖြစ်သည်ဟု သိရသည်။ ဧပြီ ၁ ရက်ကလည်း အီတလီနိုင်ငံတောင်ပိုင်း လမ်ပီဒူဆာကျွန်းအနီး  သင်္ဘောနစ်မြုပ်မှုကြောင့် ၁၉ ဦး သေဆုံးခဲ့သည်။

ယင်းနေ့တွင်ပင် တူကီယဲနိုင်ငံ ဘိုဒရမ်မြို့အနီး အီဂျီယမ်ပင်လယ်၌ ရော်ဘာလှေတစ်စင်း ဂရိနိုင်ငံသို့ ဦးတည်လာစဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး  ၁၉   ဦး   သေဆုံးခဲ့သည်။ အချို့ကိုမူ ကယ်တင်နိုင်ခဲ့သည်။

ထို့ပြင်  မတ် ၃၀ ရက်ကလည်း တူနီးရှားနိုင်ငံ စဖက်စ်မြို့အနီး သင်္ဘောတိမ်းမှောက်မှုကြောင့်  ၁၉ ဦးခန့် သေဆုံးပြီး ၂၀  ခန့်  ပျောက်ဆုံးခဲ့သည်။  နောက်ထပ်သင်္ဘောတစ်စင်းလည်း  မတ် ၂၈ ရက်က လစ်ဗျားနိုင်ငံ အရှေ့ပိုင်းမှ ထွက်လာစဉ် တိမ်းမှောက်ခဲ့ပြီး ၂၂ ဦးခန့် သေဆုံးခဲ့ရသည်။ ၂၀၂၆ ခုနှစ်နှစ်စပိုင်းမှ စတင်ကာ  မြေထဲပင်လယ်၌  သေဆုံး  သို့မဟုတ် ပျောက်ဆုံးသွားသူ ၉၉၀ ခန့်ရှိသည်ဟု အိုင်အိုအမ်က ပြောသည်။

ဆင်ဟွာ