နန်းခင်ထွေး၊ ခိုင်သရဖီမိုး၊ အေးသန္တာအောင်(တိုင်းရင်းဆေးပညာဦးစီးဌာန)
“အာရောဂျံ ပရမံလာဘံ” ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟုဆိုသည့်အတိုင်း လူသားတိုင်းအတွက် ကျန်းမာရေးကောင်းမွန်ခြင်းသည် ဆုလာဘ်တစ်ခုဖြစ်ပါသည်။ တိုင်းရင်းဆေးပညာအရ လူသားတစ်ဦး ကျန်းမာရန်အတွက် ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော သမုဋ္ဌာန်လေးပါး ညီညွတ်မျှတစွာနေထိုင်မှသာ ကျန်းမာခြင်းနှင့် ပြည့်စုံမည်ဖြစ်ပါသည်။ ၎င်းသမုဋ္ဌာန်လေးပါးတွင် ဥတုသည် အရေးပါသောကတစ်ခုဖြစ်ပါသည်။
ဥတုသည် ပါဠိစကားဖြစ်ပြီး ပူခြင်း၊ အေးခြင်း၊ ခြောက်သွေ့ခြင်း၊ စွတ်စိုခြင်း စသည့် အခြေအနေ များနှင့် လူတို့ဖန်တီးစွမ်းဆောင်ထားသော ပတ်ဝန်းကျင်အခြေအနေများ ဖြစ်ပါသည်။ ရာသီ ဥတုအကူးအပြောင်းကာလများတွင် ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော သမုဋ္ဌာန်လေးပါး ညီညွတ် မျှတစွာ လိုက်နာကျင့်သုံးခြင်းမရှိပါက ကျန်းမာရေး ကိုယ်ခံအား လျော့နည်းသူများမှာ ရောဂါဘယ နှိပ်စက်မှုများကို ခံရတတ်ကြပါသည်။ ထို့ကြောင့် တိုင်းရင်းဆေးပညာအရ “ဥတုအကြိုက်နေထိုင် လိုက်မှ ကျန်းမာသုခပြည့်စုံရ” ဟု ဆိုထားပါသည်။
နွေဥတုသည် တပေါင်းလပြည့်ကျော် ၁ ရက် မှ ဝါဆိုလပြည့်နေ့ ညဉ့်သန်းခေါင်အထိ ရက်ပေါင်း ၁၁၈ ရက်၊ လပေါင်းလေးလဖြစ်ပါသည်။ တိုင်းရင်း ဆေးပညာတွင် တက်ဥတုနှင့် သက်ဥတုဟူသော ကာလအပိုင်းအခြားနှစ်ခုရှိရာ တက်ဥတုသည် ပြာသိုလပြည့်ကျော် ၁ ရက်မှ ဝါဆိုလပြည့်နေ့အထိ ကာလအားဖြင့် ခြောက်လသတ်မှတ်ထားသဖြင့် နွေဥတုသည် တက်ဥတုတွင်ပါဝင်ခြင်းဖြစ်သည်။
ထိုတက်ဥတုကာလတွင် နေမင်းသည် နိမ့်ရာမှ မြင့်ရာသို့တက်နေသည့်အလျောက် သတ္တဝါတို့၏ သန္တာန်တွင်လည်း အပူဦးစီးကာ တေဇောဝါယောဓာတ်များ ဦးဆောင်သဖြင့် ပြင်ပလောကနှင့် လူ သတ္တဝါတို့၏ခန္ဓာကိုယ်တွင် အပူရှိန်များလွှမ်းမိုးလျက်ရှိခြင်း၊ ရေဓာတ်များ ခန်းခြောက်လျော့နည်း ခြင်း၊ တောတောင်ရေမြေသစ်ပင်တို့ ခြောက်သွေ့ခြင်းတို့ကြောင့် ပူအိုက်ခြင်း၊ ကိုယ်စိတ်ပင်ပန်း နွမ်းနယ်ခြင်း၊ အအိပ်ပျက်အစားပျက်ဖြစ်ခြင်း၊ ရေငတ်ခြင်း၊ ချွေးထွက်များခြင်း၊ ကိုယ်သားကိုယ်ရေ နူးညံ့ခြင်း၊ ဆီးနီခြင်း၊ နည်းခြင်း၊ ဝမ်းချုပ်ခြင်း၊ ခန္ဓာကိုယ်ပေါ့ပါးသွက်လက်ခြင်း၊ အပူကိုကြောက်ရွံ့ ပြီး အအေးကိုအလိုရှိကာ ချိုသောအရသာ၊ အေးသောအရသာများကို ပိုမိုစားလိုခြင်းစသော ပကတိ လက္ခဏာများကို တွေ့ရှိရပါသည်။
နွေဥတုတွင်ဖြစ်တတ်သော အတွေ့ရများသည့် ရောဂါလက္ခဏာများမှာ ဦးခေါင်းနှင့် ပတ်သက်သော ခေါင်းအုံခေါင်းကိုက်ခြင်း၊ ခေါင်းခဲခြင်းများ၊ ဝမ်းမီးနုံ့ခြင်း၊ အစာမကြေခြင်း၊ ဆီးနှင့်ပတ်သက်သော လက္ခဏာများဖြစ်သည့် ဆီးချုပ်ခြင်း၊ ဆီးအောင့်ခြင်း၊ မျက်စိနှင့်ပတ်သက်သော လက္ခဏာများဖြစ် သည့် မျက်စိကျိန်းခြင်း၊ မျက်စိနာခြင်းတို့ဖြစ်ပါသည်။ အဆိုပါ ရောဂါလက္ခဏာများတွေ့ရပါက တိုင်းရင်း ဆေးပညာဖြင့် ကာကွယ်စောင့်ရှောက်မှုပေးရာတွင်-
ခေါင်းအုံခေါင်းကိုက်ခြင်း၊ ခေါင်းခဲခြင်းဖြစ်ပါက ပြုစုစောင့်ရှောက်နည်းများ
ချွေးထွက်စေရန် ကွမ်းရွက်၊ ထန်းလျက် ပြုတ်ရည်ပူပူ အကြမ်းပန်းကန်တစ်လုံးခန့် တစ်နေ့ နှစ်ကြိမ်သောက်ပါ။ တိုင်းရင်းဆေးခန်းသုံးဆေး အမှတ်-၄၃ (အကင်း ၁၀ ပါးဆေး)ကို နနွင်းမှိုင်း ရှူသကဲ့သို့ မီးကျီးခဲပေါ် ဆေးမှုန့်ဖြူး၍ ထွက်လာသည့်အခိုးကို ရှူရပါမည်။ မျက်ရည်ပူများ၊ နှာရည် များ ကျလာအောင် ပြင်းပြင်းရှူလျှင် ခေါင်းကိုက်ခြင်း သက်သာစေပါသည်။ မွှေးကြိုင်သော သနပ်ခါး၊ ကရမက်ရနံ့များ ရှူရှိုက်ပါ။ လေဝင်လေထွက် ကောင်းသောနေရာတွင် နေထိုင်ပါ။ ဝမ်းပျော့စေ သော အစာအာဟာရများစားသုံးပါ။ ခေါင်းကိုက်သူများအနေဖြင့် ဝမ်းတွင်း၌ အပူလျော့နည်းစေရန် နံနက်ပိုင်း၊ ညနေပိုင်းတွင် တိုင်းရင်းဆေးခန်းသုံးဆေးအမှတ်-၁၆ (အပူငြိမ်းသွေးဆေး) လက်ဖက် ရည်ဇွန်း တစ်ဇွန်းနှင့် တိုင်းရင်းဆေးခန်းသုံးဆေး အမှတ်-၆ (ဟလိဒ္ဒစုဏ္ဏငန်းဆေး) လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို ရောစပ်၍ ရေနွေးဖြင့်သောက်ပါ။
နေ့လယ်ပိုင်းတွင် ဟလိဒ္ဒစုဏ္ဏငန်းဆေး လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ရေနွေးနှင့်သောက်ပါ။ ခြေအေးလွန်းပြီး ခေါင်းကိုက်လျှင် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်-၄၃ (အကင်း ၁၀ ပါးဆေး)နှင့် တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်- ၂၉ (သဗ္ဗဇေယျဆေးစပ်ကြီး)တို့ကို သနပ်ခါးရည် (သို့မဟုတ်)နံ့သာဖြူရည်တို့နှင့် ရောစပ်ကာ ဒူးခေါင်းအထက်မှ ခြေဖျားအထိ အခိုးထွက်စေရန် ခြေဖဝါးချန်ပြီး ပါးပါးကျဲကျဲလိမ်းပေးပါ။ ထိုကဲ့သို့ တစ်နေ့နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ်ခန့် လိမ်းပေး လျှင် အပူအောက်သို့ သက်သာလာ၍ ခြေနွေးပြီး ခေါင်းကိုက်ခြင်းကို သက်သာစေပါသည်။
လိုက်နာဆောင်ရွက်ရန်
တိုင်းရင်းဆေးသမားတော်များ၏ အဆိုအရ ဥတုအလိုက် ရေချိုးချိန်များကို နွေ ၉၊ မိုး ၁၀၊ ဆောင်း ၁၁ ဟု ဆိုထားပါသည်။ သို့ဖြစ်ပါ၍ ခေါင်းအုံ၊ ခေါင်းကိုက်၊ ခေါင်းခဲခြင်းများ သက်သာစေရန် နံနက် ၉ နာရီတွင် ရေချိုးခြင်း၊ နေပူမီးပူများမှ အတတ်နိုင်ဆုံး ကင်းဝေးအောင် ကာကွယ်နေထိုင်ခြင်း၊ ဆီးဝမ်းမှန်အောင် ကျင့်သုံးခြင်း၊ ရေနွေးကြမ်းသောက်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ဝမ်း ပျော့ပျော့သွားစေရန် နံနက်အိပ်ရာထတွင် ရေခဲ ရေ မဟုတ်သော ရေအေးသောက်ခြင်း၊ “မနက် သင်္ဘော ညငှက်ပျော” ဟု ဆိုရိုးရှိသည့်အတိုင်း သင်္ဘောသီးမှည့်၊ ဖီးကြမ်းငှက်ပျောသီးမှည့်တို့ကို စားခြင်း၊ ထန်းလျက်နှင့် ဖျော်ထားသော မန်ကျည်းမှည့်ဖျော်ရည်သောက်ခြင်းအားဖြင့် ဝမ်းကိုပြုပြင် ပေးနိုင်ပါသည်။ “နွေချို၊ မိုးခါး၊ ဆောင်းချဉ်” ဆိုသည့်အတိုင်း နွေဥတုတွင် တတ်နိုင်သရွေ့ အေးချို အရသာများစားသုံးပါ။ ရေများများသောက်ပါ။
ရှောင်ကြဉ်ရန်
နေပူထဲမှပြန်လာပြီး ရုတ်တရက် ရေအေးချိုးခြင်း၊ ရေခဲရေသောက်ခြင်း၊ အဲကွန်း၊ ပန်ကာလေခံခြင်း၊ လေတိုက်ထဲတွင် အင်္ကျီမပါဘဲ အိပ်ခြင်း၊ အချိန်မတော် မကြာခဏခေါင်းလျှော်ခြင်း၊ ကိုယ်စိတ်အပင်ပန်းခံခြင်း စသည်တို့ကို ရှောင်ကြဉ်ခြင်းဖြင့် ခေါင်းအုံ၊ ခေါင်းကိုက်၊ ခေါင်းခဲခြင်း လက္ခဏာများကို ကာကွယ်နိုင်ပါသည်။
ဝမ်းမီးနုံ့ခြင်း၊ အစာမကြေခြင်းများကို ပြုစုစောင့်ရှောက်နည်းများ
အစာကြေလွယ်သော စွပ်ပြုတ်၊ ဆန်ပြုတ်တို့ကို တိုက်ကျွေးပါ။ လေရောဂါကြောင့် ဝမ်းဗိုက် ထိုးအောင့်နာကျင်လျှင် လေကိုအမြန်သက်စေတတ်သော ကြက်သွန်ဖြူကို မီးဖုတ်၍စားခြင်းဖြင့် ဗိုက်နာခြင်းကို သက်သာစေနိုင်ပြီး ကြောင်ပန်းရွက်ကို ကျကျပြုတ်၍ ဆားလှော်ကို သင့်ရုံခတ်ပြီး လက်ဖက်ရည်ပန်းကန် တစ်ဝက်ခန့်သောက်ပါက လေနာသက်သာစေပါသည်။ ထန်းလျက်ပြုတ်ရည် တွင် သံပရာရည် အနည်းငယ်ခတ်၍တိုက်ပါ။ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်-၂၉ (သဗ္ဗဇေယျ ဆေးစပ်ကြီး) တစ်ကျပ်သားလျှင် သကြားရှစ်ကျပ်သား ရောစပ်ပြီးအစာစားပြီး လူကြီး တစ်ကြိမ်လျှင် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ရေနွေးနှင့်တိုက်ပါ။ ဝမ်းမီးနုံ့ခြင်း၊ အစာမကြေခြင်း၊ ခြေဖျား အေးပြီး ဝမ်းဗိုက်နာခြင်းဖြစ်လျှင် ခြေဖျားနှင့် ဝမ်းဗိုက်ကို ပူနွေးစေသော လိမ်းဆေးဆီကို လိမ်းပေးပါက အပူရှိန်ကို အမြန်ရစေပြီး အထက်ပါ လက္ခဏာများကို သက်သာစေနိုင်ပါသည်။
လိုက်နာဆောင်ရွက်ရန်
အစာမကြေခြင်း သက်သာစေရန်အတွက် အစားအစာများကို မိမိစားနိုင်သည်ထက် လျှော့၍ စားသုံးခြင်း၊ ကြေလွယ်သောအစာစားခြင်း၊ ဆန်ပြုတ်တွင် ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့် ခတ်၍သောက်ခြင်း၊ ရေနွေးကြမ်းသောက်ပေးခြင်း၊ ဝမ်းမီးတောက်၍ အစာကြေစေသော လျက်ဆားကို လျက်ပေးခြင်းဖြင့် အစာမကြေခြင်း၊ ဝမ်းမီးနုံ့ခြင်းများကို ကာကွယ်နိုင်ပါသည်။ အစာမကြေသူများသည် ကြက်သား၊ ဆိတ်သားနှင့် ငါးတို့ကို ပို၍စားပါ။ အစာကြေလွယ်သော ပဲရာဇာ၊ ပဲစင်းငုံ၊ ပဲနောက်တို့ ကိုလည်း စားသုံးပါ။
ရှောင်ကြဉ်ရန်
ကြေခဲသော ကောက်ညှင်း၊ ဒံပေါက်၊ အုန်းထမင်း၊ ထောပတ်ထမင်း၊ မုန့်တီ၊ မြီးရှေ၊ ခေါက်ဆွဲကြော်၊ ပလာတာ၊ ထပ်တစ်ရာ၊ နံပြား၊ အီကြာကွေး ကဲ့သို့သောအစာများ၊ ထန်းသီးဆန်၊ ပဲမြစ်၊ စိမ်းစားဥ၊ မြေပဲဆန်ကဲ့သို့သော အစာများကိုလည်း ရှောင်ကြဉ်ပါ။ ထို့ပြင် ဝမ်းမီးကိုနုံ့စေ၊ ညံ့စေတတ်သည့်ရေခဲ၊ ရေခဲမုန့်၊ ဖာလူဒါ၊ နွားနို့၊ မလိုင်၊ ဘဲဥ၊ ဝက်သား စသည်တို့ကိုလည်း ရှောင်ကြဉ်ရပါမည်။
ဆီးချုပ်ခြင်း၊ ဆီးအောင့်ခြင်းများဖြစ်လာလျှင် ပြုစုစောင့်ရှောက်နည်းများ
နံနက်အိပ်ရာထ ရေကိုဝအောင်သောက်ပါ။ ဆန်ဆေးရည်တွင် သကြားအနည်းငယ်ထည့်၍ သောက်ပါ။ ကြက်သွန်နီအစိမ်းစားပေးပါ။ ကြက်သွန်နီကိုပြုတ်၍ အကြမ်းပန်းကန် တစ်လုံးခန့် သောက်ပါ။ တိုင်းရင်းဆေးခန်းသုံးဆေးအမှတ်-၂၁ (ဆီးဆေးဖြူ) လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ရေအေးဖြင့်သောက်ပါ (သို့မဟုတ်) ဆီးမှန်၊ ဆီး ကောင်းလာစေရန် ဆီးဆေးဖြူ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် သံပရာရည်လက်ဖက်ရည်ဇွန်း နှစ်ဇွန်း ရောစပ်၍ နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် သောက် ပေးပါ။ လိမ်းဆေးအနေဖြင့် ကြွေပုပ်ကို ဆန်ဆေး ရည်နှင့်သွေး၍ ဆီးအိမ်ပေါ်သို့ မကြာခဏ လိမ်းပေးပါ (သို့မဟုတ်) မီးဖုတ်ထားသော ကြက်သွန်နီနွေးနွေးတစ်လုံးကို ဆီးအိမ်ပေါ်တွင် ကပ်ပေးပါ။
လိုက်နာဆောင်ရွက်ရန်
ဆီးချုပ်ခြင်း၊ ဆီးအောင့်ခြင်းများကို ကာကွယ်ရန်အတွက် နံနက်အိပ်ရာထတွင် ရေသောက်ခြင်း၊ မကြာခဏ ဆန်ဆေးရည်သောက်ခြင်း၊ သံပရာရည်၊ မြင်းခွာရွက်ဖျော်ရည်၊ အုန်းစိမ်းရည်၊ ရေနွေးကြမ်း သောက်ခြင်းနှင့် ဝမ်းတွင်းအေးစေသည့် ကန်စွန်းရွက်၊ ဘူးသီး၊ ကျောက်ဖရုံသီး၊ မန်ကျည်းရွက်၊ ပေါက်ပန်းဖြူရွက်၊ ကင်ပွန်းချဉ်ရွက်၊ ပဲရာဇာ၊ ပဲစင်းငုံ၊ ပဲနောက်နှင့် အရည်ရွှမ်းသော အသီးအနှံများ စားသုံးပါ။
ရှောင်ကြဉ်ရန်
အပူအစပ်များစားသုံးခြင်း၊ အထိုင်များခြင်း၊ ကြာရှည်စွာ ယာဉ်မောင်းခြင်း၊ နေပူထဲကြာရှည်စွာ အလုပ်လုပ်ခြင်း၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းများကို ရှောင်ကြဉ်ရပါမည်။
မျက်စိကျိန်းခြင်း၊ မျက်စိနာခြင်းများဖြစ်လာလျှင် ပြုစုစောင့်ရှောက်နည်းများ
ဥတုဘောဇနသင်္ဂဟကျမ်းအရ မျက်နှာသစ်သည့်အခါ ခြေထောက်ကို ရှေးဦးစွာ ရေလောင်းပြီးမှ မျက်နှာသစ်ပါ။ ရေဝဝသောက်ပါ။ ညပိုင်းတွင် ထန်းလျက်နှင့်ဖျော်ထားသော မန်ကျည်းမှည့် ဖျော်ရည်သောက်ပါ။ ငှက်ပျောသီးဖီးကြမ်းအမှည့်ကို စားပေးပါ။ မျက်လုံးများပူခြင်းအတွက် မန်ကျည်း ပင်နီခေါက်ကို ဆားနှင့်သွေး၍ နဖူးကိုလိမ်းပါ။ မျက်စိနာလျှင် ရှားစောင်းလက်ပပ်အနှစ် (သို့မဟုတ်) ကွမ်းရွက်ကို မျက်လုံးတစ်ဝိုက်ကပ်ပေးပါ။ နံနက်ပိုင်းနှင့် ညနေပိုင်းတွင် တိုင်းရင်းဆေးခန်းသုံးဆေးအမှတ်-၁၆ (အပူငြိမ်းသွေးဆေး) လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ရေနွေးနှင့် သောက်ပါ။ နေ့လယ်ပိုင်းတွင် တိုင်းရင်းဆေးခန်းသုံးဆေးအမှတ်-၆ (ဟလိဒ္ဒ စုဏ္ဏငန်းဆေး) လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ရေနွေးနှင့်သောက်ပါ။ ညတွင်ဝမ်းမှန်စေရန် တိုင်းရင်းဆေးခန်းသုံးဆေးအမှတ်-၁၂ (စက္ခုပါလ ဆေး) ငါးပြားကို မန်ကျည်းမှည့်ရည် (သို့မဟုတ်) ရေအေးနှင့်သောက်ပါ။
လိုက်နာဆောင်ရွက်ရန်
မည်သည့်အကြောင်းကြောင့် မျက်စိနာသည်ဖြစ်စေ ဝမ်းမချုပ်စေရန် မန်ကျည်းဖျော်ရည်၊ ငှက်ပျော သီးမှည့်ပျော်ပျော်၊ သံပရာဖျော်ရည်၊ သင်္ဘောသီးမှည့်၊ ကင်ပွန်းချဉ်ရွက်တို့ကို စားပါ။ နေပူချိန်တွင် မလွှဲ မရှောင်သာ၍ သွားရသည့်အခါ ထီး၊ ဦးထုပ်ဆောင်း၍ သွားခြင်း၊ ချည်သားအင်္ကျီလက်ရှည်ဝတ်ဆင်၍ သွားခြင်း၊ နံနက်ခင်းပိုင်းတွင် ရေမှန်မှန်ချိုးခြင်းဖြင့် မျက်စိနာမဖြစ်အောင် ကာကွယ်နိုင်ပါသည်။
ရှောင်ကြဉ်ရန်
အပူအစပ်စားခြင်း၊ အတက်စာများဖြစ်သော ဆူးပုပ်၊ ပဲကြီး၊ ပဲပုပ်၊ ငါးသလောက်၊ ငါးဖယ်၊ ပုစွန်၊ ကဏန်း၊ မျှစ်၊ ကြက်သားစသောအစာများ မစားသင့်ပါ။ ကလေးများ နေပူထဲတွင် သွားလာ ဆော့ကစားခြင်းများ မပြုလုပ်ရပါ။
နွေဥတုတွင် အတွေ့ရများသော ခေါင်းမူးခြင်း၊ ခေါင်းအုံခြင်း၊ ခေါင်းကိုက်ခြင်း၊ ခေါင်းခဲခြင်း စသည့် ဦးခေါင်းနှင့် ပတ်သက်သော ရောဂါလက္ခဏာများ၊ ဝမ်းမီးနုံ့၍ အစာမကြေခြင်း၊ အစားအသောက်ပျက် ခြင်းစသော လက္ခဏာများ၊ ဆီးချုပ်ခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးနီခြင်း၊ ပူခြင်းစသည့် ဆီးနှင့်ပတ်သက်သော လက္ခဏာများ၊ မျက်စိကျိန်းခြင်း၊ မျက်စိနာခြင်း စသော လက္ခဏာများသည် လူတိုင်းနီးပါး တစ်ခုမဟုတ်တစ်ခုဖြစ်ပွားခံစားရမှုများ ဖြစ်တတ်ပါသည်။ ထို့ကြောင့် နွေဥတုတွင် အတွေ့ရများသော ရောဂါလက္ခဏာများကို ကာကွယ်နိုင်ရန်နှင့် ၎င်းလက္ခဏာ များဖြစ်လာပါက တိုင်းရင်းဆေးပညာနည်းစနစ်အရ လိုက်နာဆောင်ရွက်ရန်၊ ရှောင်ကြဉ်ရန်များကို လိုက်နာပြီး ကျန်းမာသက်ရှည်စွာနေထိုင်နိုင်ရန်၊ မိမိကျန်းမာရေးကို မိမိကိုယ်တိုင် ပြုစုစောင့်ရှောက် နိုင်ရန်အတွက် “နွေဥတုတွင်ကျန်းမာဖို့ တိုင်းရင်းဆေးဖြင့် ကာကွယ်စောင့်ရှောက်စို့” ဆောင်းပါးအား ရေးသားဖော်ပြလိုက်ရပါသည်။ ။
ကျမ်းကိုးစာရင်း
တိုင်းရင်းဆေးပညာဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုသင်တန်း လက်စွဲစာအုပ် (၂၀၁၉)၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နှာ၊ ၇၄-၇၇။
ဘိုးလှိုင် (ဦး) (၁၉၉၆)၊ ဥတုဘောဇနသင်္ဂဟ ကျမ်း၊ ဧကာဒသမအကြိမ်၊ ဟံသာဝတီပုံနှိပ် တိုက်၊ ရန်ကုန်မြို့။
ဟန်ထွန်း (ဦး) (၁၉၉၃)၊ လက်တွေ့အသုံးချ မြန်မာ့ကုထုံးဆေးပညာကျမ်း၊ ပင်မြင့်မာလာ ပုံနှိပ်တိုက်၊ နှာ၊ ၆၈-၇၁။
အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းလက်စွဲ (၂၀၀၈)၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နှာ၊ ၃၈-၄၀။
အသုံးဝင်ဆေးပင်များနှင့် မြန်မာ့တိုင်းရင်းဆေး နည်းလက်စွဲ(၂၀၁၉)၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နှာ၊ ၁၉-၂၀။
အောင်ကျော်မင်း(ပါမောက္ခ) (၂၀၁၈)၊ လက်တွေ့အသုံးချ တိုင်းရင်းဆေးပညာရပ် ဆိုင်ရာများ၊ နှာ၊ ၁၃၄-၁၃၇။


