မုံရွာ ဧပြီ ၉

 

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။

 

ထို့နောက် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသူက ပေးပို့လာသည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာနခုနစ်ခုတွင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီမံကိန်း၊ဘဏ္ဍာရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဆန်းဝင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်သန်းဝင်းနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသောင်းနိုင် စုစုပေါင်း တိုင်းဒေသကြီး ဝန်ကြီးခုနစ်ဦး၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတရုံးမှ ပေးပို့လာသည့် တိုင်းရင်းသားလူမျိုးများရေးရာ ကိစ္စရပ်များ ဆောင်ရွက်မည့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဦးစိန်ဖေနှင့် ချင်းတိုင်းရင်းသားရေးရာဝန်ကြီး အဖြစ် ဦးငွန်ဘွလ်ထန်တို့အား ခန့်အပ်တာဝန်ပေးအပ်ခြင်းကို လွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူက ပေးပို့လာသည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်း နန်းယွန်းမြို့နယ် မဲဆန္ဒ နယ်မြေ(၂) ‌အပါအဝင် အလုပ်အမှုဆောင်ကော်မတီဝင် ငါးဦး ဖွဲ့စည်းထားရှိမှုကို လွှတ်တော်သို့ တင်ပြ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေးသတ္တမနေ့ကို ဧပြီ ၁၀ ရက် နံနက် ၁၀ နာရီတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)