ဟားခါး ဧပြီ ၉
တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော် အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးကောလ်လျန်ထန်းက အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင်သည်။
ထို့နောက် ပြည်နယ်လွှတ်တော်က အတည်ပြုထားသော ပြည်နယ်အစိုးရဝန်ကြီးဌာန ခုနစ်ဌာန တွင် ပြည်နယ်ဝန်ကြီးများအဖြစ် အဆိုပြုသည့် ဝန်ကြီးများနှင့်စပ်လျဉ်း၍ ဟားခါးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ဦးဆန်အုပ်မန်း၊ တွန်းဇံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ ဦးဇမ်းရှင်းဒါလ်၊ ဖလမ်း မြို့နယ်မဲဆန္ဒနယ်အမှတ် (၂) မှ ဦးဝမ်းလျန်းထန် နှင့် မင်းတပ်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) မှ ဦးထန်ရှင်းထောင်းတို့က ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံ ထားရသူက ပြည်နယ်ဝန်ကြီးများအဖြစ် အဆိုပြုထားသော လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာလျန်ဇခုပ်၊ လူမှုရေးရာဝန်ကြီးဌာနဝန်ကြီး ဦးစိန်ထွန်းလှ၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီး ဦးနေလင်းအောင် ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးပေါင်ဇလန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဝန်ကြီး ဦးဝင်းဇော်ဦး၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင် ကျော်ဌေးတို့နှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း တင်ပြကာ ပြည်နယ်လွှတ်တော်၏ သဘောတူညီချက် ရယူ၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် တတိယအကြိမ် ချင်းပြည်နယ် လွှတ်တော်ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ပဉ္စမနေ့ ကျင်းပမည့် နေ့ရက်နှင့်အချိန်ကို အသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


