နေပြည်တော် ၂၃ မတ်
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ယနေ့တွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပလျက်ရှိရာ နံနက်ပိုင်းမှ ညနေပိုင်းအထိ လာရောက်ကြည့်ရှု လေ့လာကြသူများနှင့် အထူးစည်ကားလျက်ရှိသည်။
“မနေ့ကဖွင့်ပွဲနဲ့ဆိုတော့ လူတော်တော်များများလာကြတယ်။ ဒီနေ့က ရုံးပိတ်ရက်ဆိုတော့ ပိုလာကြပါတဲ့အတွက် ပွဲကပိုစည်ပြီး ရောင်းအားလည်းကောင်းပါတယ်။ ဒါမျိုးပွဲတွေမှာ ပါဝင်ပြသတဲ့အတွက် ကျွန်မတို့ရဲ့ ထုတ်ကုန်တွေကို လူတိုင်းသိအောင်လုပ်ဖို့ ပိုမိုအဆင်ပြေလွယ်ကူပါတယ်”ဟု မောချယ်ရီကော်ဖီဆိုင် ဝန်ထမ်းမတိုးအိအိအောင်က ပြောသည်။
အဆိုပါပြပွဲကို MSMEs လုပ်ငန်းများ၏ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှု အားကောင်းလာရန်၊ ပါဝင်ပြသသူအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ထုတ်ကုန်အရည်အသွေး၊ တီထွင်ဆန်းသစ်မှုများကို လေ့လာနိုင်ရန်၊ ဒေသအလိုက် ထုတ်ကုန်များကို စားသုံးသူများနှင့် မိတ်ဆက်ပေးနိုင်ရန်၊ ထုတ်လုပ်မှုမှ ကုန်သွယ်မှုအထိ လုပ်ငန်းစဉ်တစ်လျှောက် လိုအပ်ချက်များကို ပိုမိုနားလည်ဆန်းသစ် အဖြေရှာနိုင်ရန်နှင့် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် MSMEs များနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် Regional Trade Promotion မှ နိုင်ငံတကာဈေးကွက်အတွင်းသို့ လွယ်ကူစွာဝင်ရောက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်နေ ဒေါ်စိမ့်စိမ့်ဆွေက “ဒေသစုံက ဒေသထွက်ကုန်တွေကို ဝယ်ယူလို့ရပါတယ်။ ကိုယ့်နိုင်ငံရဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေက ထွက်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို လေ့လာဝယ်ယူချင်လို့ လာတာပါ။ ဈေးနှုန်းတွေကလည်း သင့်တင့်ပါတယ်။ တိုက်ရိုက်လာပြီး ရောင်းချတာဆိုတော့ အပြင်ကဈေးထက်တော့ သက်သာပါတယ်။ ဒီပွဲက ၃ ရက်ပဲဆိုတော့ ကျွန်မတို့ ဝန်ထမ်းတွေက စနေ၊ တနင်္ဂနွေနဲ့ တိုက်လို့သာ လာနိုင်တာ။ ဖြစ်နိုင်ရင် ၅ ရက်လောက်ဆိုရင် ပိုကောင်းတယ်။ ဒါမှ နေပြည်တော် အနီးပတ်ဝန်းကျင် ဒေသက သူတွေလည်း လာနိုင်မှာပါ” ဟုပြောသည်။
တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတွင် MSMEs လုပ်ငန်းများ၏ ဒေသတွင်း ထုတ်ကုန်ပစ္စည်း ပြပွဲနှင့် ပြိုင်ပွဲများကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ မှစတင်၍ မန္တလေး၊ မကွေး၊ ပုသိမ်၊ တောင်ကြီး၊ မုံရွာ၊ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်နှင့် မြိတ်မြို့ တို့တွင် စုစုပေါင်း (၉) ကြိမ်တိုင်တိုင် ကျင်းပပြီးစီးခဲ့ပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော လုပ်ငန်းများကို အမျိုးအစားအလိုက် ဆုများချီးမြှင့်ပေးခဲ့ရာ လုပ်ငန်းပေါင်း ၄၀ နှင့် လုပ်ငန်းရှင် ၁၂၂ ဦးတို့ကို ဆုများချီးမြှင့်နိုင်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ပြပွဲ၊ ပြိုင်ပွဲတွင် ဝါးဖြင့် ပထမဆုရရှိခဲ့သူ လှော်တက်ကုမ္ပဏီမှ မသင်းသင်းမာက “ကျွန်မတို့က ဝါးကို ငါးမျှားတံမှစပြီး ဝါးလုံးများကို အဝတ်တန်း၊ အမိုး စတဲ့ အိမ်သုံးပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ရောင်းချပါတယ်။ ကုန်ကြမ်းတွေကို ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်ပါတယ်။ အခုလက်ရှိ ပြည်ပတင်ပို့မှုအနေနဲ့ အမေရိကန်နဲ့ စင်ကာပူ နိုင်ငံတွေကို တင်ပို့နေပါတယ်” ဟုပြောသည်။
နေပြည်တော်တွင် ကျင်းပလျက်ရှိသည့် နိုင်ငံတော်အဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲသည် မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီး/ပြည်နယ်များတွင် ကျင်းပခဲ့သည့် ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ(၉)ခုမှဆုရရှိခဲ့သော MSMEs များကို ထပ်မံယှဉ်ပြိုင်ပြီး မတ် ၂၄ ရက်၌ နိုင်ငံတော်အဆင့်ဆုများ ရွေးချယ်ချီးမြှင့်သွားမည့် ပြပွဲနှင့် ပြိုင်ပွဲဖြစ်သည်။
သတင်းဆောင်းပါး- နန္ဒာဝင်း၊ ဓါတ်ပုံ - ကျော်ဇင်ထိုက်


