မိတ္ထီလာ ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီက အထက(၁)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မိတ္ထီလာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက အမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်အတွင်း မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ အိမ်ထောင်စုဝင်များထံသို့ ထောက်ပံ့ငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊ တပ်နယ်မှူး ဗိုလ်မှူးကြီးရဲခိုင်နှင့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များက ပေးအပ်သည်။
အဆိုပါ အခမ်းအနားတွင် ဧပြီ ၇ ရက်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျသည့် အိမ်ထောင်စု နှစ်စု၊ အမိုးလန် ပျက်စီးသည့် အိမ်ထောင်စု ၁၉၈ စု၊ ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် ထိခိုက်ဒဏ်ရာရသူတို့အတွက် ဆန်ဖိုးရိက္ခာ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ ဒဏ်ရာရ ထောက်ပံ့ငွေများအတွက် စုစုပေါင်း ငွေကျပ် ၁ဝ၁၄၇၃ဝဝ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ချမ်းသာ(မိတ္ထီလာ)


