တောင်ကြီး ဧပြီ ၉
တတိယအကြိမ် ရှမ်းပြည်နယ် လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ ရှမ်းပြည်နယ် လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြည်နယ်လွှတ်တော် အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင် ကျင်းပကြောင်း ကြေညာသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံထားရသူ ရပ်စောက်မြို့နယ် ကိုယ်စားလှယ်အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထိန်စိုးက ရှမ်းပြည်နယ် အတွင်းရှိ တိုင်းရင်းသားလူမျိုး ရေးရာကိစ္စများ ဆောင်ရွက်နိုင်ရန် ရွေးကောက် တင်မြှောက်ထားသည့် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးကိန်မိုင် (ကချင် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး)၊ ဒေါ်အေးချိုစိန် (ကယန်း (ခ)ပဒေါင်တိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီး)၊ ဒေါ်ခင်ထွေးအောင် (ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး)၊ ဦးဝီလ်ဆင်မိုး (လားဟူ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး)၊ ဒေါ်ငွေလှိုင် (လီဆူ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး)၊ ဦးထွန်းအောင် (အာခါ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး)၊ ဒေါ်တင်တင်ရီ (အင်းသား တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး)တို့၏ အမည်စာရင်းကို ပြည်နယ်လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်ခြင်း ဆောင်ရွက်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက် ခြင်းခံထားရသူ ရပ်စောက်မြို့နယ် ကိုယ်စားလှယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထိန်စိုး၏ သဘောတူညီချက်ဖြင့် တင်ပြထားသောပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင် ကော်မတီဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်ပါ အဖွဲ့ဝင်ငါးဦး၏ အမည်စာရင်းနှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ အလုပ်အမှုဆောင် ကော်မတီဥက္ကဋ္ဌ ဦးအာကာလင်းပါ အဖွဲ့ဝင်ငါးဦး၏ အမည်စာရင်း တို့ကို လွှတ်တော်သို့ တင်ပြ၍ လွှတ်တော်၏ အတည်ပြုချက်ကို ရယူသည်။
ယင်းနောက် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး သတ္တမနေ့ ဆက်လက်ကျင်းပမည့် နေ့ရက်နှင့် အချိန်တို့ကို ကြေညာခဲ့ကြောင်း သိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)


