ပုသိမ် ဧပြီ ၉
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အတည်ပြုကြေညာ
အစည်းအဝေးတွင် ရေးရာကော်မတီခြောက်ရပ် ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ကော်မတီတစ်ရပ်ချင်းစီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်အမည် စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်း၊ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းလျာထားချက်များကို လွှတ်တော်က သဘောတူသဖြင့် လျာထားသတ်မှတ်ချက်ပါအတိုင်း ရေးရာကော်မတီခြောက်ရပ်ကို ဖွဲ့စည်းတာဝန်ပေးအပ်ရန် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက အတည်ပြုကြေညာသည်။
ထို့နောက် ဖွဲ့စည်းအတည်ပြုပြီးသော ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ ပြည်သူ့ငွေစာရင်း၊ စီမံကိန်း နှင့်ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးရာကော်မတီ၊ အစိုးရ၏အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များ စိစစ်ရေးကော်မတီတို့တွင် သက်ဆိုင်ရာကော်မတီအလိုက် လစ်လပ်လျက်ရှိသည့် ကော်မတီအဖွဲ့ဝင်(၂)နေရာနှင့် အတွင်းရေးမှူး (၁)နေရာတို့၏ အမည်စာရင်းများကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ ကြေညာခဲ့ရာ လွှတ်တော်က သဘောတူသဖြင့် လျာထားချက်ပါအတိုင်း အစားထိုးဖွဲ့စည်းတာဝန်ပေးအပ်ရန် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အတည်ပြု ကြေညာခဲ့ပြီး တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


