ဖနောင်ပင်   ဧပြီ   ၉

ကမ္ဘောဒီးယားနိုင်ငံသည် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေအား   အတည်ပြုပြဋ္ဌာန်းပြီးနောက် နိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်မှုစင်တာအားလုံးကို ဖယ်ရှားနိုင်မည်ဟု ယုံကြည်ကြောင်း အဆင့်မြင့်ဝန်ကြီးတစ်ဦးက ပြောကြားခဲ့သည်။

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူးရုံးမှ အဆင့်မြင့်ဝန်ကြီးတစ်ဦးဖြစ်သူ ချာဟေး စီနာရစ်က ဧပြီ ၈ ရက်က ကျင်းပခဲ့သော အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေဆိုင်ရာ ရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရသည် နည်းပညာအခြေပြု လိမ်လည်လှည့်ဖြားမှုများကို တိုက်ဖျက်ရန် ထိပ်တန်းဦးစားပေးကိစ္စရပ်အဖြစ် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို ကမ္ဘောဒီးယားနိုင်ငံမှ လုံးဝပပျောက်စေရမည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စီနာရစ်သည်  နယ်စပ်ဒေသတစ်လျှောက်တွင်  နည်းပညာအခြေပြုလိမ်လည်မှုများ   အားကောင်းစွာ  ပြန့်ပွားနေမှုများကို မီးမောင်းထိုးပြလိုက်ပြီး အများပြည်သူလုံခြုံရေးနှင့်   နိုင်ငံ၏ ဂုဏ်သိက္ခာကို  ဆိုးရွားစွာထိခိုက်စေကြောင်းလည်း   ပြောကြားခဲ့သည်။

ကမ္ဘောဒီးယား၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အွန်လိုင်းလိမ်လည်မှုများကို ဖြိုခွင်းခဲ့ရာတွင် သိသာထင်ရှားသောရလဒ်ကောင်းများလည်း ထွက်ပေါ်ခဲ့ကြောင်း  ၎င်းက  ထပ်မံပြောကြားခဲ့သည်။                                                                  

ဆင်ဟွာ